




၁၇.၁.၂၀၂၆
Written by Thiri
မွန်ပြည်နယ်၊ ရေးမြို့နဲ့ ပေါက်ပင်ကွင်းကျေးရွာကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်မီးလောင်မှုဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က ရေး- ထားဝယ် လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အောင်မင်္ဂလာ နာရေးကူညီမှုအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ညနေ ၄ နာရီ မိနစ်၄၀ ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရေး-ထားဝယ် လမ်းမကြီး ကိုးမိုင်ကျေးရွာအဝင်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်၊ မီးလောင်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် သုံးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အောင်မင်္ဂလာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက” ရေး-ပေါက်ပင်ကွင်း ခရီးသည်တင်ကား တိမ်းမှောက်ပြီးမှ မီးလောင်မှုဖြစ်ပွားတာပါ။ အဲ့ဒီလမ်းက မကြာခဏ ဖြစ်ပါတယ်။ လမ်းက ဖြောင့်တယ်။ အဲ့ဒါကြောင့် အရှိန်လွန်မှောက်ကြတာပါ။ အခုမှောက်တဲ့ ကားအမျိုးအစားကို ဒီဘက်မှာက ဆင်ကားလို့ ခေါ်ကြတယ် (ကားကို ဟိုတစ်စ ဒီတစ်စ ဖြုတ်ဖျက်ပုံပြောင်းဆင်ထားတဲ့ 4×4 wheels)။ ယာဉ်ပေါ်မှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီးသုံးဦီးပါလာတယ်။ မီးဟပ်ဒဏ်ရာ အနည်းငယ်နဲ့ ယာဉ်တိမ်းမှောက်လို့ ပေါက်ပြဲ ထိခိုက်တာမျိုးပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို ဣစ္ဆာသရအသင်းရဲ့ သတင်းပေးပို့ချက်အရ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းနဲ့ ရန်ကြီးအောင်အရန်မီးသတ်နှင့်လူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ်နဲ့ သွားရောက်ငြိမ်းသတ် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရလူနာတွေကို ကိုးမိုင်လူနာတင်ယာဉ်၊ ဣစ္ဆာသယအသင်း (အဏ္ဏဝါ)နဲ့ မေတ္တာရှင်လူနာတင်ယာဉ် (ချောင်းတောင်)တို့က ရေးပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
