◾️ ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသော လူပုဂ္ဂိုလ် ၁,၅၇၀ ကျော်တို့၏ ဘဏ်အသီးသီးရှိ ငွေစာရင်းအကောင့်များကိုလည်း ယာယီတားဆီးထား


၁၆. ၁၆. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံခြားငွေကြေးများ တရားမဝင် ဝယ်ယူရောင်းချလဲလှယ်ခြင်း ဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ် ၅ ဦးနှင့် လူမှုကွန်ရက်စာမျက်နှာ ၁၆ ခုတွင် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်ပေါ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သည့် နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော် သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့သည့်ပမာဏအနက်မှ အရေးကြီးကဏ္ဍများဖြစ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေး၊ လျှပ်စစ်ကဏ္ဍများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ ၁၅ ရက်အထိတွင် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရောင်းချပေးခဲ့သည်။
ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်သော ညွှန်ကြားချက်များကို နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာဆောင်ရွက်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများအား စစ်ဆေးလျက်ရှိသည့်အပြင် လိုင်စင်မရှိဘဲ အရောင်းအဝယ်ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူရောင်းချ လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများအား အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ကျော်စောသတင်း ပေါ်ပေါက်သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော်စောသူများ၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများအား စိစစ်၍ အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး ၎င်းအဖွဲ့အစည်းများကို အများပြည်သူ သတိပြုဆင်ခြင်နိုင်ရန် မကြာခဏ အသိပေးဆောင်ရွက်လျက်ရှိသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် USDT အရောင်းအဝယ်ပြုလုပ်ရန် ဖော်ပြထားသည့် ကြော်ငြာများရှိ ဖုန်းနံပါတ်များ၊ ငွေစာရင်းအမှတ်များဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ် ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ် ၂၃၄ ဦးအား ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားသော လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ ၎င်းတို့၏ ဘဏ်အသီးသီးရှိ ငွေစာရင်းများ (ဘဏ်စာရင်းစုစုပေါင်း ၆၈၇ ခုနှင့် မိုဘိုင်း ငွေရေးကြေးရေးစာရင်း ၂၈၇ ခု) တို့အား ငွေစာရင်း ယာယီတားဆီးထားသည်။
ထို့ပြင် ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားသည့် ကျော်ကျော်ဦး (၁၂/လရန(နိုင်)၁၈၈၈၅၈)၊ ကောင်းထက်စံ (၁၃/တကန(နိုင်)၂၇၂၈၄၂)၊ လှလှ (၁၃/လလန(နိုင်)၀၀၅၂၄၅)၊ ခင်လွင်လွင်သိမ့် (၇/ပခက(နိုင်)၁၈၂၃၃၂)၊ သာထက်ဇံ (၁၂/ရပသ(နိုင်)၁၀၂၅၅၁)တို့ ၅ ဦးအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို၍ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ထားပြီး ကျန်လူပုဂ္ဂိုလ်များအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူရောင်းချလဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် လူမှုကွန်ရက်စာမျက်နှာများအား စုံစမ်းဖော်ထုတ်လျက်ရှိရာ လက်ရှိအချိန်ထိ လူမှုကွန်ရက်စာမျက်နှာ (၁၂၀၁) ခုအား စိစစ်အရေးယူဆောင်ရွက်လျက်ရှိရာ ငွေစာရင်းအကောင့်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခဲ့ပြီး ဆုံးရှုံးနိုင်ခြေအဆင့် မြင့်မားသည့် လူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ လူပုဂ္ဂိုလ် (၁,၃၄၂) ဦး၏ ငွေစာရင်းအကောင့်များအား ယာယီတားဆီးထားသည်။
ယင်းအပြင် ဈေးနှုန်းနှင့်ငွေလွှဲဆိုင်၊ Moe Latt၊ Si Thu & bro များ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာရောင်းဝယ်၊ December Snow၊ June Lin Htet Naing၊ Htet Yan Money Exchange၊ Global Value Services-GVS Money Exchange and Transfer၊ Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith (Facebook Page)၊ Nay Myo Htet (Facebook Page)၊ Gold Market Myanmar (Facebook Page)၊ Ye Mon၊ Naing Lu စသည့်လူမှုကွန်ရက်စာမျက်နှာ ၁၆ ခုတွင် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
