သက်တံ့
၁၅. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ နခွန်ရက်ချာစီးမားပြည်နယ်ရှိ ဆူရာ ဒမ် ပီတက် (Sura Dham Pithak) စစ်စခန်းတွင် စစ်သည် ၈ ဦးက စစ်မှုထမ်းလူငယ် ၃ ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် ၎င်းတို့အနက် တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် မိမိတို့၏ အမှားဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော်က ဝန်ခံပြောကြားလိုက်သည်။
ထိုင်းစစ်တပ်အတွင်း တပ်သားသစ်များကို အကြီးတန်းစစ်သည်များက နှိပ်စက်ခြင်းမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခုလို ထိုင်းတပ်မတော်က လူသိရှင်ကြား အမှားဝန်ခံခြင်းမှာလည်း ရှားရှားပါးပါးဖြစ်စဉ်ဖြစ်သည်။ ထိုကျူးလွန်မှုဖြစ်စဉ်အတွင်း သေဆုံးသည့် အသက် ၂၁ နှစ်အရွယ် တပ်သားသစ် ခရစ်တာနွန် ဖွန်ချန်တွက်ခ် (Krittanon Phonchantuek) ၏ မိသားစုဝင်များက စစ်တပ်အတွင်း နှိပ်စက်ညှဉ်းပန်းမှုများကို လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီးနောက် ယခုဖြစ်စဉ်မှာ လူထုကြား ရေပန်းစားလာခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ၏ အဒေါ်ဖြစ်သူက ၎င်း၏ဓာတ်ပုံနှင့်အတူ “သူဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုဖို့ စစ်ထဲဝင်ခဲ့တာပါ။ စစ်တပ်ဝင်းထဲမှာ ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံရမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ ဘယ်လိုများ ဒီလိုလုပ်ရက်ကြတာလဲ? ဒါဟာ အရမ်းကို ရက်စက်လွန်းပါတယ်။ ဖြစ်ရတာကလည်း ရုတ်တရက်ကြီးမို့ မိသားစုအနေနဲ့ ဒီဆုံးရှုံးမှုကို လက်မခံနိုင်သေးပါဘူး။”ဟု ရေးသား ဖော်ပြခဲ့သည်။
အဆိုပါပို့စ်သည် အများပြည်သူ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူအဖွဲ့က ၎င်းတို့၏ စစ်သည်များ အမှားကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်အသေးစိတ်ထုတ်ပြန်ချက်အရ အဆိုပါ ရိုက်နှက်မှုသည် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်သည် ၈ ဦးက ခရစ်တာနွန် အပါအဝင် စစ်မှုထမ်းလူငယ် ၃ ဦးအား စစ်စည်းကမ်း ချိုးဖောက်သည်ဟု စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။
ခရစ်တာနွန်သည် ရိုက်နှက်ခံရမှုကြောင့် ပြင်းထန်သော ဒဏ်ရာများရရှိကာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ပြီး ကျန်ရှိသည့် လူငယ် ၂ ဦးမှာလည်း ဆေးရုံတွင် အနီးကပ် ကုသမှုခံယူနေရဆဲ ဖြစ်သည်။
ကျူးလွန်သူ စစ်သည်များသည် ရိုက်နှက်မှုမပြုလုပ်မီ အရက်သေစာ သောက်စားထားကြကြောင်း ထိုင်းဘုရင့်တပ်မတော် (RTA) က ဝန်ခံထားသည်။ ယခုလုပ်ရပ်သည် စစ်စည်းကမ်းကိုသာမက ထိုင်းနိုင်ငံ၏ ရာဇဝတ်ဥပဒေကိုပါ ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်သဖြင့် ပါဝင်ပတ်သက်သူအားလုံးကို ဥပဒေအရ အရေးယူသွားမည်ဟု အတည်ပြုခဲ့သည်။
ထို့အပြင် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ကျူးလွန်သူစစ်သည်အားလုံးကို တာဝန်မှ ထုတ်ပယ်သွားမည်ဟု ဆိုသည်။

ယခုဝန်ခံချက်သည် ပရာချွပ်ခီရီခန်ရှိ စစ်စခန်းတစ်ခုတွင် အရာရှိတစ်ဦးက တပ်သားသစ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် တပ်ကြပ်ကြီး ဖစ်ပီဘွန်းသည် စစ်မှုထမ်းအုပ်စုနှစ်စုကြား ရန်ပွဲကို ဝင်ရောက်ဖြေရှင်းရာမှ တပ်သားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား စစ်စည်းကမ်းအရ ထောင်ဒဏ် ၄၅ ရက် ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ပင်စင်ခံစားခွင့်များကိုလည်း ရုပ်သိမ်းမည်ဟု တပ်မတော်က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါ တပ်ကြပ်ကြီးအား ရာဇဝတ်ဥပဒေအရပါ ထပ်မံတရားစွဲဆိုခြင်း ရှိ၊ မရှိကိုမူ တပ်မတော်က ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိသဖြင့် စစ်တပ်အတွင်း တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်မှုများ ပိုမိုမြင့်တက်နေကြောင်း သိရသည်။
Ref : The Thaiger
