သက်တံ့
၁၅. ၁. ၂၀၂၆
အွန်လိုင်းလောင်းကစားကွန်ရက်နှင့် ငွေကြေးခဝါချမှုများတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် ပြည်သူ့ပါတီ (People’s Party) မှ လွှတ်တော်အမတ်လောင်းတစ်ဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့က ဘန်ကောက်မြို့ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဆိုင်ဘာရာဇဝတ်မှုနှိမ်နင်းရေးဗျူရို (CCIB) မှ အရာရှိများသည် အသက် ၃၂ နှစ်အရွယ် ရတ်ချပေါင် “ပွန်း” ဆွိုင်ဆူဝမ် (Ratchapong “Pond” Soisuwan) ၏ ဘန်ကောက်မြို့၊ ဘန်ကုမ်း (Bueng Kum) ခရိုင်ရှိ နေအိမ်ကို ညနေ ၅ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ရတ်ချပေါင်သည် ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ပြည်နယ်မှ အမတ်လောင်းတစ်ဦးဖြစ်ပြီး ပြည်သူ့ပါတီ မဖြစ်လာမီ ယခင် ရှေ့သို့လှမ်းချီပါတီ (Move Forward Party) လက်ထက်က တာ့ခ်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အမတ်လောင်းအဖြစ် ထပ်မံအမည်စာရင်း တင်သွင်းထားသူလည်း ဖြစ်သည်။
ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့၏ စွပ်စွဲချက်အရ ရတ်ချပေါင်သည် nakarin789.com အမည်ရှိ လောင်းကစားဝက်ဘ်ဆိုက်နှင့် ဆက်နွှယ်နေကြောင်း သိရသည်။ စုံစမ်းစစ်ဆေးသူများသည် လောင်းကစားသမားများအဖြစ် ဟန်ဆောင်၍ အဆိုပါဝက်ဘ်ဆိုက်သို့ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း MGR Online သတင်းတွင် ဖော်ပြထားသည်။

လောင်းကစားဝက်ဘ်ဆိုက်သို့ ထည့်သွင်းသည့် ငွေကြေးများသည် ထိုင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ဘဏ်အကောင့်များသို့ အဆင့်ဆင့် လွှဲပြောင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ရတ်ချပေါင်၏ ဘဏ်အကောင့်သို့ ရောက်ရှိသွားသည်ကို ငွေကြေးစီးဆင်းမှု စစ်ဆေးချက်များအရ တွေ့ရှိခဲ့ရသည်။ အဆိုပါ ဘဏ်အကောင့်ပိုင်ရှင် နှစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ်သည်။
ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြည်သူ့ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်းဖြစ်သူ နတ်ထဖုန်း ရောင်ပညာဝပ် (Natthaphong Ruengpanyawut) က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ၎င်းက ရတ်ချပေါင် ဖမ်းဆီးခံရမှုကို ယမန်နေ့ညနှောင်းပိုင်းတွင် ရှေ့နေမှတစ်ဆင့် သိရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပါတီအနေဖြင့် အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် အမှားကျူးလွန်သူ မည်သည့်ပါတီဝင်ကိုမဆို အကာအကွယ်ပေးမည်မဟုတ်ဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နတ်ထဖုန်းက အလေးအနက် ပြောကြားခဲ့သည်။
အမတ်လောင်းများကို အမည်စာရင်း မတင်သွင်းမီ ပါတီတွင်း စိစစ်မှုများ ပြုလုပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ကဲ့သို့ အသေးစိတ် စုံစမ်းဖော်ထုတ်နိုင်စွမ်း မရှိကြောင်း၊ ရတ်ချပေါင်နှင့် ပတ်သက်၍ တိုင်ကြားမှုအချို့ ယခင်က ရရှိခဲ့ဖူးသော်လည်း ထိုစဉ်က ခိုင်လုံသော အထောက်အထား မတွေ့ရှိခဲ့ရကြောင်း ပါတီခေါင်းဆောင်က ရှင်းလင်းခဲ့သည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်လက မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ့ပါတီဝင် ဘွန်ရစ် (Boonrit Raorungroj) ၏ ဖြစ်စဉ်နှင့် ဆင်တူနေသည်။ ဘွန်ရစ်ကမူ ၎င်းသည် ကုမ္ပဏီဒါရိုက်တာအဖြစ်သာ အမည်စာရင်းပါဝင်ပြီး တရားမဝင်လုပ်ငန်းများကို မသိရှိကြောင်း ငြင်းဆိုထားသော်လည်း ရဲတပ်ဖွဲ့က အာမခံပေးရန် ငြင်းဆိုကာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။
လောလောဆယ်တွင် ရတ်ချပေါင်ကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ၎င်းဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
Ref : The Thaiger
