သတိုး
၁၁. ၁. ၂၀၂၆
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်စတော့စျေးကွက်သည် နည်းပညာနှင့် AI (ဉာဏ်ရည်တု) ကဏ္ဍများကြောင့် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ရာ ကုမ္ပဏီပိုင်ရှင်များနှင့် ဘီလျံနာ အမှုဆောင်အရာရှိချုပ် (စီအီးအို) များသည် အခွင့်အရေးကို အရယူကာ ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခဲ့ကြသည်။
အဆိုပါ ထိပ်သီး ၁၀ ဦး၏ စုစုပေါင်း ရှယ်ယာရောင်းချမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
Washington Service ၏ အစီရင်ခံစာအရ တည်ထောင်သူများနှင့် အဆင့်မြင့်အရာရှိကြီး အများအပြားသည် ပြီးခဲ့သည့်နှစ်အတွင်း ရှယ်ယာအများဆုံး ထုတ်ရောင်းသူများ (Insider Sellers) ဖြစ်လာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အွန်လိုင်းအရောင်းကုမ္ပဏီ Amazon ကို တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် (Jeff Bezos) သည် ထိပ်ဆုံးမှ ရပ်တည်နေသည်။
Bloomberg ၏ အစီရင်ခံစာကို ကိုးကား၍ ၂၀၂၅ ခုနှစ်အတွင်း ရှယ်ယာအများဆုံး ထုတ်ရောင်းခဲ့သည့် နည်းပညာထိပ်သီး ၁၀ ဦးစာရင်းကို အောက်ပါအတိုင်း အသေးစိတ် စုစည်းဖော်ပြလိုက်ပါသည်။
အဆိုပါ ဘီလျံနာအားလုံးနီးပါးသည် ရှယ်ယာရောင်းချရာတွင် Insider-trading (ကုမ္ပဏီတွင်းသတင်းကို အသုံးချ၍ ရှယ်ယာကစားခြင်း) ဟူသော စွပ်စွဲချက်များကို ကာကွယ်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများကို ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသရန်အတွက် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားသော ၁၀ဘီ၅-၁ (10b5-1) အရောင်းအစီအစဉ်ဖြင့်သာ ရှယ်ယာများကို ပွင့်လင်းမြင်သာစွာ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

၁။ ဂျက်ဖ်ဘီဇော့စ် (Jeff Bezos)
Amazon တည်ထောင်သူ ဘီဇော့စ်သည် ရှယ်ယာပေါင်း ၂၅ သန်းကို ထုတ်ရောင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၅၄ ဘီလျံရရှိခဲ့သည်။ ၎င်းသည် ရုတ်တရက် ဆုံးဖြတ်ချက်ဖြင့် ရောင်းချခြင်းမဟုတ်ဘဲ ပွင့်လင်းမြင်သာမှုအတွက် ကြိုတင်ရေးဆွဲထားသည့် အစီအစဉ်အတိုင်း ရောင်းချခဲ့ခြင်းဖြစ်သည်။ ဘီဇော့စ်သည် ယင်းရှယ်ယာများကို ပြီးခဲ့သည့်နှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း (အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ ခမ်းနားသော မင်္ဂလာပွဲကျင်းပသည့် ကာလဝန်းကျင်တွင်) စတင်ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
Bloomberg ၏ အချက်အလက်များအရ ၎င်းသည် ၂၀၀၂ ခုနှစ်မှစ၍ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလျံဖိုးထက်မနည်းသော ရှယ်ယာများကို ရောင်းချခဲ့ပြီးဖြစ်ကာ ယင်းငွေများကို ၎င်း၏ ပုဂ္ဂလိက အာကာသလုပ်ငန်းဖြစ်သော Blue Origin တွင် အဓိက အသုံးပြုလေ့ရှိသည်။

၂။ ဆဖရာ ကက်ဇ် (Safra Catz)
အမေရိကန် သတင်းအချက်အလက်နည်းပညာ ကုမ္ပဏီကြီးဖြစ်သော Oracle ၏ ဒုဥက္ကဋ္ဌ ကက်ဇ်သည် ရှယ်ယာ ၁၂ ဒသမ ၅ သန်းကို ရောင်းချကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃၁ ဘီလျံရရှိခဲ့သည်။ ၎င်းသည် ရှယ်ယာများရရှိပြီးသည်နှင့် ချက်ချင်းပြန်လည်ထုတ်ရောင်းလေ့ရှိသူအဖြစ် လူသိများသည်။ Oracle ၏ ရှယ်ယာစျေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည့် ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်အတွင်း ၎င်းက ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ကက်ဇ်သည် စီအီးအိုအဖြစ် ၁၁ နှစ်ကြာ တာဝန်ယူပြီးနောက် စက်တင်ဘာလတွင် ရာထူးမှနုတ်ထွက်ကာ ဒုဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူခဲ့သူလည်း ဖြစ်သည်။ လက်ရှိတွင် ၎င်း၌ ရှယ်ယာ ၁ ဒသမ ၁ သန်းခန့်သာ ကျန်ရှိတော့ပြီး Paramount Skydance Corp ၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူထားသည်။

၃။ မိုက်ကယ်ဒဲလ် (Michael Dell)
Dell Technologies စီအီးအို မိုက်ကယ်ဒဲလ်သည် ရှယ်ယာ ၁၆ ဒသမ ၂ သန်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၂ ဒသမ ၂၂၃ ဘီလျံရရှိခဲ့သည်။ ၎င်း၏ ရှယ်ယာရောင်းချမှုပုံစံမှာ အခြားသူများနှင့်မတူဘဲ ကြိုတင်အစီအစဉ်ထက် မိမိဘာသာ အချိန်ကိုက်ဆုံးဖြတ်၍ အလုံးအရင်းဖြင့် ရောင်းချလေ့ရှိသည်။ ၎င်းသည် ဇွန်လနှင့် အောက်တိုဘာလများတွင် အဓိက ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်ကလေးငယ် ၂၅ သန်းကို ကူညီရန် ဒေါ်လာ ၆ ဒသမ ၂၅ ဘီလျံ လှူဒါန်းမည်ဟု ကြေညာခဲ့ရာ အဆိုပါ လှူဒါန်းငွေအချို့မှာ ယခုရှယ်ယာရောင်းရငွေမှ လာခြင်းဖြစ်နိုင်သည်။ ၎င်းသည် ရှယ်ယာအများအပြား ရောင်းချခဲ့သော်လည်း Dell Technologies ၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်သည်။

၄။ ဂျန်ဆင်ဟွမ် (Jensen Huang)
AI ချစ်ပ်ပြားလောကတွင် ထိပ်တန်းရောက်နေသည့် Nvidia ပူးတွဲတည်ထောင်သူနှင့် စီအီးအို ဂျန်ဆင်ဟွမ်သည် ရှယ်ယာ ၆ သန်းကို ရောင်းချခဲ့ရာမှ ဒေါ်လာ ၁ ဒသမ ၀၄၉ ဘီလျံရရှိခဲ့သည်။ ကနဦးတွင် ဒေါ်လာ ၈၆၅ သန်းခန့်သာ ရရှိရန် ခန့်မှန်းခဲ့သော်လည်း AI အရှိန်အဟုန်ကြောင့် ရှယ်ယာစျေးနှုန်းများ ထိုးတက်သွားခြင်းကြောင့် ဒေါ်လာ တစ်ဘီလျံကျော်အထိ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဒေါ်လာသန်း ၃၀၀ ကျော်ကို ပရဟိတရန်ပုံငွေများသို့ လှူဒါန်းခဲ့သော်လည်း ၎င်း၏ ဓနဥစ္စာများ အဆမတန် တိုးပွားလာနေခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင် လှူဒါန်းမှုပမာဏကို နှစ်ဆတိုးမြှင့်ရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

၅။ ဂျေးရှရီအူလာလ် (Jayshree Ullal)
Arista Networks ၏ ဥက္ကဋ္ဌနှင့် စီအီးအို အိန္ဒိယနွယ်ဖွား အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးဖြစ်ပြီး ရှယ်ယာ ၇ ဒသမ ၅ သန်းကျော် ရောင်းချကာ ဒေါ်လာ ၉၇၆ သန်း ရရှိခဲ့သည်။ ၎င်းသည် တည်ထောင်သူမဟုတ်ဘဲ စီအီးအိုအဆင့်အထိ ကြိုးစားတက်လှမ်းခဲ့သူဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစီအီးအိုများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၎င်းသည် ဒေါ်လာ ၁ ဘီလျံနီးပါးဖိုး ရောင်းချခဲ့သော်လည်း ကုမ္ပဏီ၏ ရှယ်ယာ ၂ ဒသမ ၄ ရာခိုင်နှုန်း (တန်ဖိုးအားဖြင့် ဒေါ်လာ ၆ ဒသမ ၁ ဘီလျံခန့်) ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

၆။ မတ်ခ်ဇူကာဘတ် (Mark Zuckerberg)
Meta ပလက်ဖောင်း၏ စီအီးအိုနှင့် တည်ထောင်သူ ဇူကာဘတ်သည် ရှယ်ယာပေါင်း ၁ ဒသမ ၃ သန်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၉၄၅ သန်း ရရှိခဲ့သည်။ ၎င်းသည် ၎င်း၏ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းမည်ဟူသော ကတိအတိုင်း Chan Zuckerberg Initiative (CZI) မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ Meta ၏ ရှယ်ယာများသည် ၂၀၂၅ ခုနှစ်အတွင်း ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ဇူကာဘတ်အတွက် ပိုမိုအမြတ်ထွက်စေခဲ့သည်။ လက်ရှိတွင် ၎င်းသည် ကုမ္ပဏီ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

၇။ မတ်ဇ်ဒီဂရိုးန် (Max de Groen)
Nutanix ဒါရိုက်တာဖြစ်သူ ဒီဂရိုးန်သည် ရှယ်ယာ ၁၀ ဒသမ ၉ သန်းကျော် ရောင်းချကာ ဒေါ်လာ ၈၃၁ သန်း ရရှိခဲ့သည်။ ၎င်းသည် Bain Capital ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုကိုယ်စားပြု၍ ရှယ်ယာများကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ Bain Capital သည် ကုမ္ပဏီ၏ ဝင်ငွေပစ်မှတ်များ လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် ရှယ်ယာစျေးနှုန်းများ မကျဆင်းမီ အချိန်ကိုက် ထုတ်ရောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၈။ ဖရန့်ခ် စလုမန်း (Frank Slootman)
Cloud Data ကုမ္ပဏီ Snowflake ၏ ဥက္ကဋ္ဌ စလုမန်းသည် ရှယ်ယာ ၃ ဒသမ ၄ သန်းကျော် ရောင်းချခဲ့ပြီး ဒေါ်လာ ၇၅၈ သန်း ရရှိခဲ့သည်။ ၎င်းသည် Apple စီအီးအို တင်မ်ကွတ်ခ်နှင့် Microsoft စီအီးအို ဆတ်တရာနာဒဲလားတို့ထက်ပင် ပိုမိုချမ်းသာသည့် “တည်ထောင်သူမဟုတ်သော စီအီးအို” (Non-founder CEO) အဖြစ် ထင်ရှားသည်။ ၎င်းသည် စျေးနှုန်းသက်သာစွာဖြင့် ရှယ်ယာဝယ်ယူနိုင်ခွင့် (Option) ကို အသုံးချကာ လက်ရှိပေါက်စျေးဖြင့် ပြန်လည်ထုတ်ရောင်းခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိခဲ့ခြင်း ဖြစ်သည်။

၉။ နီကတ်ရှ်အာရိုရာ (Nikesh Arora)
Palo Alto Networks ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ၏ စီအီးအို အာရိုရာသည် ရှယ်ယာ ၄ သန်းကို ရောင်းချကာ ဒေါ်လာ ၇၃၈ သန်း ရရှိခဲ့သည်။ ၎င်းသည် SoftBank ၏ ထိပ်တန်းအရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် ဘီလျံနာတစ်ဦး ဖြစ်လာခဲ့သူဖြစ်သည်။ ၎င်းသည် ၁၀ဘီ၅-၁ အရောင်းအစီအစဉ်ဖြင့် လစဉ် ရှယ်ယာများ ထုတ်ရောင်းလေ့ရှိသည်။

၁၀။ ဘိုင်ဂျူဘတ် (Baiju Bhatt)
စတော့အရောင်းအဝယ်ပြုလုပ်သည့် App ဖြစ်သော Robinhood ပူးတွဲတည်ထောင်သူ ဘတ်သည် ရှယ်ယာ ၇ ဒသမ ၆ သန်းကျော် ရောင်းချကာ ဒေါ်လာ ၇၂၅ သန်း ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် Robinhood ရှယ်ယာများ ၄ ဆခန့် မြင့်တက်ခဲ့ချိန်တွင် ၎င်းက ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်း၏ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံခန့် ရှိကြောင်း သိရသည်။
စုစုပေါင်းအားဖြင့် အဆိုပါ ထိပ်သီးစီအီးအိုများသည် AI နှင့် Cloud ဝန်ဆောင်မှုများကြောင့် ကုမ္ပဏီရှယ်ယာများ စံချိန်တင်မြင့်တက်ခဲ့သည့် အခွင့်အရေးကို အသုံးချကာ ငွေသားအဖြစ် ပြောင်းလဲခဲ့ကြခြင်းဖြစ်သည်။ ရရှိလာသော ငွေကြေးများကို ပရဟိတလုပ်ငန်းများ၊ အာကာသစီမံကိန်းများနှင့် အားကစားအသင်းများ ဝယ်ယူခြင်းကဲ့သို့သော အခြားရင်းနှီးမြှုပ်နှံမှုများတွင် အသုံးပြုသွားကြမည်ဖြစ်ကြောင်း သိရသည်။
Ref : The Nation Thailand / Bloomberg
