◾️ ကချင်ပြည်နယ်နှင့် နိုင်ငံအတွက် လျှပ်စစ်လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မည့်အပြင် စိုးရိမ်မှုမရှိစေရေး နည်းပညာပိုင်း စနစ်တကျဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို လျှပ်စစ်ဝန်ကြီး ရှင်းလင်းပြောကြား
၁၂. ၁. ၂၀၂၆
Written by Nyein Kyaw
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယမန်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ရေအားလျှပ်စစ်သည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပြီး ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားသည်။
မြစ်ဆုံစီမံကိန်းအောင်မြင်ပါက ကချင်ပြည်နယ်နှင့် နိုင်ငံတော်၏ အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိပြီး နောင်လာနောက်သားများ အကျိုးများစွာ ခံစားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောကြားသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ငလျင်နှင့် အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ရေလှောင်တမံတည်ဆောက်မှုနှင့် ပတ်သက်၍ ငလျင်ဒဏ်ခံနိုင်မှုအတွက် အဓိကထား တွက်ချက်ဆောင်ရွက်မှုအခြေအနေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရေကြီးရေလျှံမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်မှု၊ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော မြစ်လက်တက်များကြောင့် ဧရာဝတီမြစ်ရေပုံမှန်အတိုင်း ဆက်လက်စီးဆင်းနိုင်မှု၊ မြစ်ကြောင်းတစ်လျှောက်ရေယာဉ်များ ပုံမှန်ခုတ်မောင်းသွားလာနိုင်မှုတို့အား ရှင်းလင်းပြောကြားသည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်းနှင့် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု၊ ဒေသခံပြည်သူလူထု စိုးရိမ်မှုမရှိစေရေး နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေတို့ကို ဒေသခံပြည်သူများအား ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အသေးစိတ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ သဘောထားအမြင်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
