၁၂.၁.၂၀၂၆
Written by Nay Yaung Lin
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် လသာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တစ်သီးပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှတင်က အနိုင်ရရှိခဲ့ကြောင်း သိရသည်။
တိုင်းပြည်၏ အရွေ့အပြောင်းတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နိုင်ခြင်း၊ ရှုံးခြင်းက အဓိကမဟုတ်ကြောင်း၊ ရလဒ်အပေါ်တွင်လည်း အငြင်းပွားစရာမရှိကြောင်း ဒေါ်စန္ဒာမင်းက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားသည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက “ရွေးကောက်ပွဲကို နိုင်ခြင်း၊ ရှုံးခြင်း ကျွန်မတို့က အဓိကက တိုင်းပြည်ရဲ့ အရွေ့အပြောင်းတစ်ခုမှာ ကျွန်မတို့ဝင်ရောက်ယှဉ်ပြိုင်တာ။ နိုင်ခြင်း ရှုံးခြင်းက အဓိကမဟုတ်ဘူး။ အခု ကျွန်မဒီအမှတ်ပဲ ရတယ်။ ဘယ်လောက်ကွာလို့လဲ။ အများကြီးကွာတာမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ဘယ်လိုအနိုင်ယူရတယ်။ ရွေးကောက်ပွဲတစ်ခုကို ဘယ်လိုဖြတ်သန်းရလဲဆိုတာ ကျွန်မပိုနားလည်ရတယ်။ ကျွန်မတို့ ဒီရတဲ့အမှတ်ပေါ်မှာ ဘာမှ အငြင်းပွားစရာမရှိဘူး” ဟု ပြောကြားခဲ့သည်။
လသာမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးလှတင့်က စုစုပေါင်း ၂၁၃၇ မဲ၊ တဆညပါတီမှ ဒေါက်တာ သန်းဟိန်းစိုးက စုစုပေါင်း ၁၅၃၁ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ၁၃၀၇ မဲ၊ PPP ပါတီမှ ဦးမြတ်သူက ၁၁၀၀ မဲ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးလေးဝင်းက ၅၉၆ မဲရရှိခဲ့ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။
“ကျွန်မလက်မှတ်ထိုးခဲ့တဲ့ ရလဒ်ကတော့ သိတယ်။ နောက်ထပ်ရလဒ်ပြောင်းတဲ့ဟာတော့ ကျွန်မ မသိတော့ဘူး။ USDP က ၂၁၃၇ မဲတဲ့။ တဆညက ၁၅၃၁ မဲပါ။ ကျွန်မက ၁၃၀၇ မဲတဲ့။ PPP က ၁၁၀၀ မဲ။ တောင်သူလယ်သမားကတော့ ၅၉၆ မဲလို့ သိရတယ်“ ဟု ဒေါ်စန္ဒာမင်းက အစောပိုင်းတွင် ကိုယ်စားလှယ်လောင်းများ လက်မှတ်ထိုးသိရရှိသည့် မဲစာရင်းရလဒ်များကို ပြောကြားခဲ့သည်။
သို့သော် ယနေ့ ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာရွေးကောက်ပွဲတာဝန်ရှိသူများက အနိုင်ရ မဲရလဒ်မပြောင်းသော်လည်း ဒေါ်စန္ဒာမင်း၏ မဲရလဒ်၊ မဲရမှတ်အရေအတွက် တက်သွားသဖြင့် လာရောက်ကြည့်ရှုရန် ပြောကြားထားကြောင်း သိရသည်။
ဒေါ်စန္ဒာမင်းက “အဖွဲ့အစည်းကြီးကြီးတစ်ခု ပံ့ပိုးမှုတွေ၊ ငွေတွေ အများကြီးသုံးတဲ့ အဖွဲ့အစည်းနဲ့ ကျွန်မဝင်ပြိုင်တဲ့နေရာမှာ ကျွန်မနဲ့ ရလဒ်၊ ရမှတ်မကွာတာဖြစ်တဲ့အတွက် ကျွန်မကျေနပ်တယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လသာမြို့နယ်တွင် တစညက ဝင်ရောက်ယှဥ်ပြိုင်သူ ဒေါက်တာသန်းဟိန်းစိုးကလည်း ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လူမှုကွန်ရက်တွင် အသိပေးထားသလို တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဝင်းမြင့်သန်းလည်း ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။




