◾️ရွေးကောက်ပွဲတွင် တန်းစီမဲပေးမှုများပြားခြင်းအပေါ် နိုင်ငံတကာစောင့်ကြည့်လာသူများက အံ့ဩခဲ့သလို မဲပေးစက်အပေါ် မဲလိမ်မရဘဲ ပွင့်လင်းမြင်သာမှုရှိကြောင်း မှတ်ချက်ပေး
၁၁. ၁. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြီးစီးသွားချိန်တွင် နိုင်ငံတကာဆက်ဆံရေး ပိုမိုပွင့်လင်းလာပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ကြောင်းနှင့် စီးပွားရေးအခွင့်အလမ်းများလည်း ပွင့်လင်းလာမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရ မဟုတ်သည့်အတွက် ပိတ်ဆို့မှုများရှိသော်လည်း နိုင်ငံတကာဆက်ဆံရေးအရ မိတ်ဆွေနိုင်ငံများလည်းရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း မိတ်ဆွေရင်းချာကဲ့သို့ ဆက်ဆံနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ခုနကပြောတဲ့ ကန့်သတ်ချက်တွေ နည်းသွားတဲ့ အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုပြီးပွင့်လင်းလာမယ်။ ပိုပြီးမြင်သာလာမယ်လို့ပဲ ကျွန်တော်မြင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံမှာ ပိုပြီးဝင်လာမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်ဗျ။ ဒီဟာနဲ့အတူ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးလည်း ပိုပြီးတော့ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာမယ်လို့ မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် နိုင်ငံတကာအမြင်များအနေဖြင့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ကာ ၎င်းတို့အနေဖြင့် သေချာလေ့လာခဲ့ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့ခြင်းများရှိသည်။
“အနှစ်ချုပ်ပြန်ပြောရရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဒီလောက် အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ ထင်မထားဘူး။ ဒီလောက် လူများလိမ့်မယ်လို့လည်း သူတို့ ထင်မထားဘူး။ သူတို့သွားကြည့်တဲ့အခါမှာ မဲရုံမှာ တန်းစီပြီးတော့ လူတွေ မဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်း အံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့စိတ်ကို သူတို့ထုတ်ဖော်ပြီးတော့ ချီးကျူးသွားတာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုဒုတိယအကြိမ် ရွေးကောက်ပွဲတွင်လည်း မြန်မာနိုင်ငံ၌ အခြေစိုက်သည့် သံရုံးများက စောင့်ကြည့်ရေးကိုယ်စားလှယ် ၁၀၀ ဦး လွှတ်ထားပြီး အများအားဖြင့် မြို့ကြီးများတွင် အဓိကလေ့လာခဲ့ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ သံရုံးတွေက စောင့်ကြည့်ရေးကိုယ်စားလှယ်တွေ သူတို့ လွှတ်ထားတယ်။ အယောက် ၁၀၀ ကျော်ရှိတယ်။ အများအားဖြင့် မြို့ကြီးတွေမှာပဲ များတယ်။ အပေါ်မြို့တွေမှာ ရန်ကုန်၊ မန္တလေး၊ ပြီးရင် အောက်မှာ မော်လမြိုင်၊ ဟိုဘက်က တောင်ကြီးတို့၊ စစ်ကိုင်းတို့ အဲ့ဒီအထိ လွှတ်ထားတာရှိပါတယ်။ သူတို့လည်း အလျဉ်းသင့်တဲ့အချိန်မှာ ဒီစောင့်ကြည့်ရေးအဖွဲ့ တွေက သူတို့တွေ့တာနဲ့ပတ်သက်ပြီး ပြန်ပြီးပြောပါလိမ့် မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
