သက်တံ့
၁၁.၁. ၂၀၂၆
NLD အစိုးရဟောင်းလက်ထက်က ဂမ်ဘီယာနိုင်ငံမှ စွဲဆိုခံရသော အမှုကို ကြားနာရန်နှင့် လျှောက်လဲရန် ICJ (အပြည်ပြည်ဆိုင်ရာ တရားရုံး) သို့ သွားရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို NUG ထောက်ခံသည့် ပြည်ပပြေး Exile Media အချို့က ဖမ်းဆီးခံရသည်ဟု သတင်းမှားထုတ်လွှင့်နေသော်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့မှာ မနက်ဖြန်ပြုလုပ်မည့် ကြားနာပွဲအတွက် ပြင်ဆင်ရင်း ကျန်းမာပကတိ ချမ်းသာစွာရှိနေသည်ဟု သိရသည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားကြသည်။
အဆိုပါ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်း ကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲမည်ဖြစ်ပြီး ထိုကြားနာပွဲကို တက်ရောက်ခွင့်လည်း မရှိ၊ အသိအမှတ်လည်း အပြုမခံရသော NUG ထောက်ခံသူများနှင့် ပြည်ပပြေးမီဒီယာများက ကြားနာပွဲမတိုင်မီပင် မြန်မာကိုယ်စားလှယ်အဖွဲ့ အဖမ်းခံထားရကြောင်း သတင်းမှားထုတ်လွှင့်လာကြခြင်းဖြစ်သည်။
“ပို့သသော မေတ္တာများကြောင့် ကျွန်တော်တို့ တစ်ဖွဲ့လုံး ကျန်းမာစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း။”ဟု သည်ဟိတ်ဂ်မြို့ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးက အသိပေးသည်။
ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နှင့် ပတ်သက်၍ ICJ တွင် ယခုတစ်ကြိမ် တရားရုံးကြားနာမှုသည် တတိယအကြိမ်ကြားနာမှုဖြစ်သည်။ ထိုစွပ်စွဲချက်အတွက် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရားရုံးကြားနာမှုတွင် မဲမသမာမှုကြောင့် ဖြုတ်ချခံခဲ့ရပြီး ယခုထောင်ကျနေသော NLD အစိုးရအဖွဲ့ဟောင်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ကြားနာခဲ့ပြီး အဆိုပါ ကြားနာမှုတွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များအား ငြင်းဆိုလျှောက်လဲခဲ့သည်။
ဒုတိယအကြိမ်ကြားနာမှုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့ပြီး ထိုစဉ်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြားနာခဲ့ကာ အဆိုပါ ကြားနာမှုတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုခွင့်မရှိကြောင်း အပါအဝင် အချက်လေးချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က လျှောက်လဲခဲ့သည်။
ထို့နောက် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှုမြောက် မမြောက် မဆုံးဖြတ်နိုင်သေးမီ မြန်မာနိုင်ငံက ကြားဖြတ်ဆောင်ရွက်ရမည့် အစီအမံလေးရပ်ကို ၂၀၂၀ ပြည့်နှစ်တွင် ICJ က ဆုံးဖြတ်ချက်ချပေးခဲ့ပြီး ထို ကြားဖြတ်အစီအမံလေးရပ်မှာ ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်မှုမှ အကာအကွယ်ပေးရန်၊ မြန်မာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များက လူမျိုးတုံးသတ်ဖြတ်မှုများ မပြုလုပ်ရန်၊ သက်သေအထောက်အထားများအား မပျက်စီးအောင် ထိန်းသိမ်းရန်နှင့် အထက်ပါ အချက်သုံးချက်ကို လေးလအတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ICJ သို့ အစီရင်ခံစာ တင်သွင်းရန်နှင့် အမှုမပြီးပြတ်မီအကြား မြန်မာနိုင်ငံက ခြောက်လ တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် ICJ က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု သိရသည်။
