




၁၁.၁.၂၀၂၆
Written By Min Thet
မဲပေးနေသူများလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးပြီးပြန်လာသည့် ကံမမြို့နယ်အုပ်ချုပ်ရေးမှူးကို PDF များက ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်၍ ပြင်းထန်ဒဏ်ရာရသည့်အတွက် ပြည် ဆေးရုံကြီးတွင် ကုသနေစဉ် ကွယ်လွန်သွားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမင်းနိုင် (ဦးဇော်မင်းနိုင်) နှင့်အဖွဲ့ သည့် မြို့နယ်အတွင်းရှိ မဲရုံများသို့ ကွင်းဆင်းပြီး နယ်မြေလုံခြုံရေးနှင့် ပြည်သူများမဲပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီးအပြန် ပြောင်ကျရွာနှင့်ပယ်ကျရွာ အကြားတွင် PDF များ၏ ဝိုင်းဝန်းပစ်ခတ်ခြင်းကိုခံခဲ့ရခြင်းကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာများဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေစဉ် ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့် အချိန်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးတို့ စီးလာတဲ့ Double Cub ကို အကြမ်းဖက်တွေက သေနတ်နဲ့ ပစ်တာ။ ကားမောင်းတဲ့သူရယ်၊ မဲရုံစစ်တဲ့အဖွဲ့ရယ် ပါတယ်။ ဦးမင်းနိုင်ကတော့ ကွယ်လွန်သွားပါတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာတွေ ရကြတာဆိုတော့ ပြည်က ဆေးရုံမှာပဲ ကုသနေရဆဲပါ”ဟု တပ်မတော် သတင်းရင်းမြစ်နှင့် နီးစပ်သူက MT News ကို ပြောသည်။
ယနေ့ ပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် ကံမမြို့နယ်အတွင်း ဆန္ဒမဲပေးသူ များပြားခဲ့ကြောင်းလည်း သိရသည်။
ပုံစာ။ ကံမတွင် ဆန္ဒမဲပေးသူများအားယနေ့နံနက်က
တွေ့ရစဉ်။
