သက်တံ့
၁၁. ၁. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖရာနခွန်စီ အယုဒ္ဓယ (Phra Nakhon Si Ayutthaya) ပြည်နယ်တွင် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်း၏မိသားစုဝင်များနှင့် အိမ်နီးချင်းများကို ဓားဖြင့် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် လူ နှစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဘန်ပါအင်း (Bang Pa-in) ခရိုင်ရှိ အဆောင်တစ်ခုတွင် နေထိုင်သည့် ညီအစ်ကိုနှစ်ဦးအကြား ထမင်းချက်ရန် အငြင်းပွားသည့်ကိစ္စနှင့် ပတ်သက်ပြီး အချေအတင် စကားများရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘန်ပါအင်းခရိုင်ရဲစခန်းမှ တာဝန်ရှိသူများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိစစ်ဆေးရာတွင် ဒဏ်ရာရရှိသူ ၃ ဦးကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့အနက် အသက် ၇၂ နှစ်အရွယ် မစ္စပူဆာဒီနှင့် အသက် ၆၆ နှစ်အရွယ် မစ္စရီးနူးတို့မှာ ရရှိခဲ့သော ဓားဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။ အခြားဒဏ်ရာရရှိသူတစ်ဦးမှာ တရားခံ၏အစ်ကိုဖြစ်သူ အသက် ၂၀ အရွယ် တာ့ဆက်ခ် ဖြစ်ပြီး ၎င်းမှာ အခန်းအတွင်း၌ ပြင်းထန်ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရသည်။
ရဲတပ်ဖွဲ့သည် တရားခံဖြစ်သူ အသက် ၁၉ နှစ်အရွယ် စီရီမောင်ခွန် (Sirimongkol) ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တရားခံ၏ဖခင်ဖြစ်သူ ဝီရာ (Wira) ၏ ပြောကြားချက်အရ သားအငယ်ဆုံးဖြစ်သူ စီရီမောင်ခွန်မှာ ယခင်က ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများ သုံးစွဲခဲ့သည့် ရာဇဝင်ရှိကြောင်းနှင့် ထမင်းမည်သူချက်မလဲဟူသည့်အငြင်းပွားမှုကိစ္စဖြင့် ညီအစ်ကိုနှစ်ဦးအကြား ခဏခဏ စကားများလေ့ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားချိန်တွင် စီရီမောင်ခွန်မှာ စိတ်ဖောက်ပြန်သည့် ဝေဒနာခံစားနေရပုံပေါ်ကြောင်း ဖခင်ဖြစ်သူက ယူဆထားသည်။
မျက်မြင်သက်သေဖြစ်သူ အိမ်နီးချင်း ဆောင်ကရန် (Songkran) က စီရီမောင်ခွန်သည် ၎င်း၏အစ်ကိုကို ကနဦး တိုက်ခိုက်ပြီးနောက် အဆောင်ရှေ့တွင် တံမြက်စည်းလှည်းနေသည့် မစ္စပူဆာဒီနှင့် အခြားအိမ်နီးချင်းဖြစ်သူ မစ္စရီးနူးတို့ကိုပါ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
ဘန်ပါအင်းရဲစခန်းမှ ရဲမှူးကြီး Phiphop Naputra က တရားခံကို စစ်ဆေးမေးမြန်းရာတွင် အဆက်အစပ်မရှိဘဲ ထွေပြားစွာ ပြောဆိုနေကြောင်း ပြောကြားသည်။ ရဲတပ်ဖွဲ့က စီရီမောင်ခွန်ကို လူသတ်မှု၊ လူသတ်ရန် အားထုတ်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ၎င်း၏ စိတ်ကျန်းမာရေးအခြေအနေကိုပါ ထည့်သွင်းစစ်ဆေးကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : KhaoSod
