








၁၁.၁.၂၀၂၆
Written By Thandar
၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဆုဗန်းကိုင်ဆောင်မယ့် ရွှေကြိုမောင်မယ်တွေ နောက်ဆုံးအဆင့် ရွေးချယ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။
တတိယအဆင့်ရွေးချယ်ထားတဲ့ ရွှေကြိုမောင်မယ် ၅၈ ဦးကတော့ နောက်ဆုံးအဆင့် ရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အဆိုပါနောက်ဆုံးအဆင့်ရဲ့ အကဲဖြတ်ဒိုင်တွေအဖြစ် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ ဟိန်းစိုး၊ မောင်သီ၊ အကယ်ဒမီ ငြိမ်းမင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ စိုးမြတ်သူဇာ ၊အကယ်ဒမီ မေသန်းနု၊ ချမ်းသာကြည်စိုး စသူတွေက ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
“ဒီနေ့နောက်ဆုံးအဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေက မြန်မာစကားပုံတွေ၊ မြန်မာစာနဲ့ ပတ်သက်တာတွေကို ဖြေဆိုခဲ့ရပါတယ်။ ပြိုင်ပွဲ Talent ပိုင်းတွေကို သေချာလေး လုပ်ပြကြရပါတယ်။ သရုပ်ဆောင်တာတွေ၊ သီချင်းသီဆိုတာတွေအပြင် ကိုယ်တတ်ကျွမ်းတဲ့ အရာတွေကို လုပ်ပြခဲ့ကြပါတယ်။ ဒီနေ့အတွက် ယှဉ်ပြိုင်မှုကတော့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ နောက် ဆုံးအဆင့် ပြိုင်ပွဲက Voting စနစ်လည်း ပါဝင်တာဖြစ်လို့ ရင်ခုန်နေပါတယ်”လို့ ရွှေကြို ပြိုင်ပွဲဝင် ယွန်းပိုးအိမ် ကပြောပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင်တွေကို ပထမပိုင်းအစီအစဉ်အနေနဲ့ လျှောက်လွှာအမှတ်စဉ် 0296 ကနေ 0138 ကို နံနက် ၈ နာရီကနေ ၁၂ နာရီတွင်း ယှဉ်ပြိုင်စေခဲ့ပြီး ဒုတိယပိုင်းအစီအစဉ်အနေနဲ့ လျှောက်လွှာအမှတ်စဉ် 0135 ကနေ 0003 ကို မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ် ၅၈ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ဖြစ်ပြီး နောက်ဆုံးအဆင့်
ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင်တွေရဲ့ အကဲဖြတ်အမှတ်ပေးမှု ရလဒ်တွေအပြင် Voting စနစ်နဲ့ ရွေးချယ်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
