




၁၁.၁.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ အမှတ် (၁၃) ရပ်ကွက်နဲ့ အမှတ် (၁၆) ရပ်ကွက်မှ ပြည်သူများ ဆန္ဒမဲ လာရောက်ပေးနေတဲ့ မြင်ကွင်းတချို့ကို တွေ့မြင်နေရတာဖြစ်ပါတယ်။
အဆိုပါ အမှတ် (၁၆) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းခွဲက မဲရုံဆီ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနက်အစောပိုင်း ပြည်သူတွေ ဆန္ဒမဲပေးနေတာကို ဝင်ရောက်ကြည့်ရှု့ခဲ့ပါတယ်။





လှိုင်မြို့နယ်ရှိ အမှတ် (၁၃) ရပ်ကွက်ဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ပေါ့ ဆမီးကတစ်ဆင့် မီးလောင်ခဲ့ပြီး အိမ်ခြေ ၁၅၅၇ လုံးမီးလောင်ခဲ့ရကာ လူဦးရေ ၆၇၅၀ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။ အခုအခါ အဲ့ဒီအချိန်က မီးဘေးသင့်ပြည်သူတချို့ကို ရွှေပြည်သာ ဝါးတရာကျေးရွာဘက်မှာ နိုင်ငံတော်က နေစရာအစားထိုးဖြည့်ဆည်းပေးခဲ့ပေမယ့် အများစုက သန်းခေါင်စာရင်း မရွှေ့ပြောင်းတာ၊ လ ဝ ကရဲ့ စာရင်းတွေအရ အဆိုပါ အစားထိုးရယူ ပြောင်းရွှေ့သွားသူတွေ လှိုင်မြို့နယ် အမှတ် (၁၃) ရပ်ကွက်မှာ ပြန်ပါလာတာ စတဲ့ အခြေအနေတွေလည်း အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ အလယ်တန်း ကျောင်းဝင်းအတွင်းက မဲရုံတွေမှာ ကြုံတွေ့နေရပါတယ်။
အမှတ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးက “ကျွန်တော်တို့ မဲစာရင်းလုပ်တဲ့အခါ ဒီလိုတွေ ကြုံတွေ့လာရတော့ ကျွန်တော်က ဝါးတရာ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို လှမ်းအကူအညီတောင်းရတယ်။ ဒီဘက်က ပြောင်းသွားသူတွေ မဲလာထည့်ဖို့ ဆော်ဩပေးပါဦးဆိုပြီး။ ဒီမနက် သာကေတနဲ့ ဝါးတရာက မဲလာထည့်သူတွေ ရှိပါတယ်။ စာရင်းမတွေ့သူတွေကိုလည်း ဒီက မဲရုံမှူးတွေ ဖုန်းထဲကို ဆော့ဝဲလ်ထည့်ပြီး ကူညီရှာဖွေပေးနေပါတယ်” လို့ MT News ကို ပြောပါတယ်။
လှိုင်မြို့နယ်မှာ ရပ်ကွက်ကြီး ၁၆ ရပ်ကွက် ရှိပြီး မဲရုံပေါင်း ၆၉ ရုံ ရှိတယ်လို့ သိရပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေစုစုပေါင်းက ၁၀၁၇၇၀ ဦးရေ ရှိကြောင်းလည်း သိရပါတယ်။
