၈.၁.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ (၇)လမ်းတွင် လောင်ကျွမ်းခဲ့သော “ကြည်စင်ဧရာ ” စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးသူ သုံးဦးအထိမြင့်တက်လာကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် မီးလောင်မှုဖြစ်ပွားစဥ်က အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာရရှိပြီး စိုးရိမ်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာများရရှိသူ ၅ ဦးကို ဒေသခံလူမှုကူညီရေးအဖွဲ့များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဥ် ပြင်းထန်ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ဇန်နဝါရီလ ၇ ရက် နံနက် ၁ နာရီခွဲတွင် သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၁၂ နာရီတွင် အသက် ၅၅ နှစ်အရွယ် ဦးအောင်မောင်းမှာ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“သေဆုံး ကျား နှစ်ဦး၊ မ တစ်ဦး စုစုပေါင်း သုံးဦးရှိသွားပါပြီဗျာ”ဟု မအူပင်အခြေစိုက် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ထိုဖြစ်စဥ်မှာ ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က မအူပင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ (၇) လမ်းရှိ “ကြည်စင်ဧရာ” စက်သုံးဆီအရောင်းဆိုင်တွင် 92 ဓာတ်ဆီပေပါမှ လက်လှည့်ပန့်ဖြင့် ဆီဖလှယ်ရာ ဓာတ်ဆီတိုင်ကီအား ရိုက်မိ၍ မီးပွားကျပြီး အနီးရှိ ဓာတ်ဆီပေပါသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အလျား ပေ ၅၀၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း စက်သုံးဆီအရောင်း ဆိုင် (၁) ဆိုင်၊ 92 ဓာတ်ဆီ ၅၀ ဂါလန်ဆံ့ ပေပါ ၁ လုံး၊ ဒီဇယ် ၅၀ ဂါလန်ဆံ့ ပေပါ ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကနဦးတွင် အမျိုးသား ၁ ဦး သေဆုံးကာ ၅ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုကြောင့် အသက် ၅၂ နှစ်အရွယ်ဆိုင်မန်နေဂျာ ဦးဝင်းကိုကိုအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅၊ ၃၀၄-က၊ ၃၃၈ဖြင့် မအူပင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



