၅.၁.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဆန်ခါတင် စာရင်းဝင်ရုပ်ရှင်ဇာတ်ကား ၂၁ ကား ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုမှုတွေ စတင်နေတယ်လို့ အကယ်ဒမီထူးချွန်ဆု အကဲဖြတ်စိစစ်ရေး ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦးက MT Entertainment ကိုပြောပါတယ်။
“ကျွန်တော်တို့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၇၂ ကားကို နိုဝင်ဘာ ၂၈ ရက်နေ့ သောကြာနေ့က စတင်ပြီး ဇာတ်ကားတွေကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဇာတ်ကားတွေကိုတော့ တစ်ရက်ကို သုံးကားနှုန်းနဲ့ စတင်ကြည့်ရှုနေတာလည်း ဖြစ်ပါတယ်။ အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့ဆိုပြီးတော့ သတ်မှတ်ပြီး သေချာလေးတော့ လုပ်ဆောင်မှာပါ။ လောလောဆယ်တော့ အကယ်ဒမီရရှိပြီးသူတိုင်း အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေကို စတင်ကြည့်ရှုနေတာ ပထမအကြိမ်ပြီးပါပြီ။ ကျွန်တော်တို့ ဇာတ်ကား ၇၂ ကားထဲက ဒုတိယအကြိမ် အကယ်ဒမီစာရင်းဝင် ၂၁ ကားရဲ့ အရေအတွက်ကို ထုတ်ပြန်ထားသေးတာပါ။ အစည်းအဝေးဆုံးဖြတ်ချက်ရမှ ဇာတ်ကားနာမည်စာရင်းတွေကို ပြန်လည်ကြေညာပေးမှာပါ။ ဇာတ်ကားတွေကတော့ သတ်မှတ်ထားတဲ့ အကယ်ဒမီ စံချိန်စံညွှန်းနဲ့ လျော့နေတဲ့ ကားတွေကြတော့ အကဲဖြတ်အဖွဲ့ဝင်အားလုံးရဲ့ ဆန္ဒနဲ့ ရွေးချယ်လိုက်တာပါ။ ခုကတော့ ၂၁ ကားကိုတော့ ကြည့်ရှုစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်”လို့ အကယ်ဒမီ ထူးချွန်ဆုစိစစ်ရေး အကဲဖြတ် ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ပေါင်း ၇၂ နီးပါးရှိနေတာလည်းဖြစ်ပြီး အဆိုပါဇာတ်ကားတွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီး တစ်ရက်ကို သုံးကားနှုန်းနဲ့ ပထမအကြိမ် စတင်ကြည့်ရှုစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီ ၅ ရက်မှာတော့ ရုပ်ရှင်ဇာတ်ကား ၇၂ ကားထဲကနေ အကယ်ဒမီ စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ ဇာတ်ကား ၂၁ ကားကို ဒုတိယအကြိမ် အကယ်ဒမီ ဆန်ခါတင်စာရင်းအတွက် စတင်ကြည့်ရှုနေတာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသတဲ့ ဇာတ်ကားတွေအနေနဲ့ အချစ်ဇာတ်လမ်း၊ ဒရာမာဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း၊ ထိတ်လန့်ခြောက်ခြားစရာဇာတ်လမ်း၊ ဟာသဇာတ်လမ်းနဲ့ ပညာပေးဇာတ်လမ်းတွေဆိုပြီး ရသမျိုးစုံ ပြသခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါလထဲ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အဆိုပါ ထူးချွန်ဆုပေးပွဲကျင်းပဖို့အတွက် အနည်းဆုံး ၂ လကျော်၊ ၃ လနီးပါး ပြင်ဆင်မှုတွေ ဆောင်ရွက်ရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
#ZawMyintOo #ဇော်မြင့်ဦး #MyanmarAcademy #Academy #၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ
#မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ #MMPA #MyanmarCele #Academy #Nomination













