နေမိုး
၅. ၁. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် သာသနာပြုနေသော ဆရာတော် ဒေါက်တာဝိသုတကို NUG ၏ ဩဇာခံ PDF အဖွဲ့ဖြစ်သော ရွှေဘိုပကဖကအဖွဲ့က လူဝတ်လဲကာ ပြန်ပေးဆွဲ ဖမ်းဆီးလိုက်မှု နှစ်လအကြာတွင်မူ အသတ်မခံလိုက်ရဘဲ အမှန်တကယ်ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း MT News က စုံစမ်းသိရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ရွှေဘိုမြို့နယ်၊ မြင်းစီးရွာဇာတိဖြစ်သလို အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဝင်းဝင်းနို့ဆီမြန်မာကျောင်းနှင့် ရွှေဘိုမြို့တွင် မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက် တည်ထောင်သာသနာပြုနေသူ ဆရာတော် ဒေါက်တာဝိသုတသည် အိန္ဒိယနိုင်ငံသို့ ပြန်ကြွရန် ရန်ကုန်မြို့သို့ ကားဖြင့် ပြန်လည် ထွက်ခွာလာစဥ် ရွှေဘိုမြို့ အနောက်ဘက်အထွက် ကင်းဗျားရွာအနီးအရောက် ဆရာတော်အား ရွှေဘိုအခြေစိုက် PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
MT News ၏ စုံစမ်းမှုအရ NUG ၏ ရွှေဘို PDF အဖွဲ့ဖြစ်သော ရွှေဘိုပကဖများက ဒေါက်တာဝိသုတနှင့် ဒုလ္လဘကိုရင်ကြီးတစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသည့်အပြင် ရွှေဘိုဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း၊ ဒေါက်တာဝိသုတမှာ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က ရွှေဘိုမြို့ပေါ်ရှိ သူငယ်ချင်းဆရာတော်တစ်ပါး၏ ဘုရားထီးတင်သို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် လာရောက်ခြင်းဖြစ်ပြီး သာသနာပြုဌာနေသို့ပြန်ရေး ရန်ကုန်သို့ပြန်အကြွတွင် ရွှေဘိုပကဖများက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ဆရာတော်သည် မြင်းစီးရွာနှင့် ရွှေဘိုဒေသတစ်ဝိုက်မှ ကလေးငယ်များအား ကိုယ်ထူကိုယ်ထပညာသင်ကြားပေးနေသည့်အတွက် ရွှေဘိုပကဖက ပျူစောထီးဘုန်းကြီးဟုသမုတ်ကာ ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ဆရာတော်၏ ဇာတိမှာလည်း ရွှေဘို PDF များက ပျူရွာဟု သမုတ်သည့် မြင်းစီးရွာဖြစ်နေကြောင်း၊ ထိုအချိန် ဆရာတော် ရွှေဘိုသို့ပြန်လာသည်ကို ရွှေဘိုပကဖ သိရှိသွားသဖြင့် အပြန်ခရီးတွင် ပိတ်ဆို့ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်း ပိတ်ဆို့ဖမ်းဆီးမှုများအတွင်း ဒေါက်တာဝိသုတကို ပြန်လွှတ်ပေးစေလိုပါက ကားသုံးစီးနှင့် ငွေသားသိန်းရာချီတောင်းခံသဖြင့် ကားသုံးစီးနှင့် ကျပ်သိန်း ၃၀ ကို ရွှေဘိုပကဖထံ ပြန်ရွေးငွေအဖြစ် ပေးလိုက်ရသော်လည်း ရွှေဘိုပကဖအဖွဲ့က ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားခဲ့ကြောင်း MT News က စုံစမ်းသိရသည်။
ထို့နောက် ဒေါက်တာဝိသုတ ပြန်လွတ်ရေးအတွက် သံဃာများနှင့် IBEC (International Buddhist Education Centre) ဆရာတော်က တောင်းဆိုသဖြင့် ပြန်လွှတ်ပေးလိုက်သည်ဟု ယမန်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဆက်လက် ဖမ်းဆီးထားသော်လည်း အမှန်တကယ် လွှတ်မပေးသဖြင့် ရွှေဘိုပကဖအဖွဲ့က ဆရာတော့်ကို ပြန်လွှတ်ပေးရေး သာသနာတော်သို့ လှူဒါန်းထားသော ကျောင်းတိုက်ပိုင် ကားသုံးစီး၊ ကျပ်သိန်း ၃၀ ပေးရသည်ကိုပင် ပြန်မလွှတ်ဘဲ သတ်ဖြတ်လိုက်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယခု ဇန်နဝါရီ ၄ ရက်မှသာ အမှန်တကယ် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ လွှတ်သည်မှာလည်း နိုင်ငံတကာသာသနာပြုဆရာတော်တစ်ပါးကို ရာဇဝတ်သားသဖွယ် သတ်မှတ်ကာ လွတ်ငြိမ်းပေးလိုက်သည့် အခြေအနေဖြစ်ဖွယ်ရှိကြောင်းလည်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“ရွှေဘိုပကဖအဖွဲ့က ဆရာတော်ရယ်၊ ဒုလ္လဘတစ်ပါးရယ်၊ အမျိုးသမီးတစ်ယောက်ရယ်ကို ပြန်ပေးဆွဲသွားပြီးမှ ကားသုံးစီးနဲ့ သိန်း ၃၀ ပြန်ရွေးငွေတောင်းတယ်လို့ မီဒီယာတွေမှာ သတင်းထွက်ခဲ့တာကိုး။ ဆရာတော်က အမှန်တကယ်သာသနာပြုဆရာတော်ဆိုတော့ သတ်ရခက်သွားပေမယ့် ဖမ်းဆီးစစ်ဆေးသူထဲတချို့နဲ့ ဆက်နွှယ်ပြီး ထောင်ချထားပုံပဲ။ ဇန်နဝါရီ ၁ ရက်နေ့က လရှီးလ (NUG) က လွတ်ငြိမ်းကို လူ ၁၁၀ ပေးတော့ အားလုံးဝိုင်းရယ်ကြပေမဲ့ ဆရာတော်က အဲ့ဒီအထဲ ပါလာတဲ့သဘောပဲ။ အွန်လိုင်းမှာ ဝိုင်းရယ်နေကြပေမယ့် မြေပြင်မှာတော့ PDF တွေ ပြန်ပေးဆွဲ၊ ပြန်ရွေးငွေတောင်းပြီး ပြန်မလွှတ်ဘဲ ထောင်ချထားသူ ရာထောင်ချီပြီး တကယ်ရှိနေတယ်။ အဲဒါထုတ်ပြောရင်လည်း အသတ်ခံရနိုင်၊ ထပ်အဖမ်းခံရနိုင်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲခံရနိုင်တာဖြစ်နေတော့ ခံရသူတွေ အသံမထွက်ရဲဘူးပေါ့။ ခံရတဲ့သူတွေ အသံမထွက်ရဲမှတော့ အွန်လိုင်းမှာ NUG ရဲ့ လွတ်ငြိမ်းက ရယ်စရာဖြစ်နေတာပေါ့။ တကယ်တော့ ရယ်စရာလည်းမဟုတ်ဘဲ မြေပြင်မှာ တကယ်ဖြစ်နေတဲ့ ငရဲပါ။ အခုဆို ဆရာတော်ပြန်လွတ်လာပေမဲ့ သူနဲ့အတူအဖမ်းခံရတဲ့သူတွေက အသတ်ခံလိုက်ရပြီလား၊ ပြန်မလွတ်တော့ဘူးလား ဘယ်သူမှမသိနိုင်တော့ဘူး”ဟု အဆိုပါ လေ့လာသူက သုံးသပ်သည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိ NUG နှင့် PDF များ EAOs အဖွဲ့များ၏ ပြန်ပေးဆွဲ သတ်ဖြတ်မှု လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော် သတ်ဖြတ်ခံထားရသလို သံဃာ အပါး ၁၀၀ ဝန်းကျင်မှာလည်း ဖမ်းဆီး ပြန်ပေးဆွဲခံထားရပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြသည်ဟု သိရသည်။
