







◾️ မိမိတို့အားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပြီး နိုင်ငံ၏အနာဂတ်ကို အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြား
၄. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းပြည်ပ၏ အဖျက်အမှောင့် ပယောဂကို ယုံစားပြီး အသိပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူများလည်း ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ပြောကြားသည်။
မိမိတို့တာဝန်ယူသည့် ကာလတစ်လျှောက်လုံး အများပြည်သူလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ထူထောင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံ၏အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်မှုများ တိုးတက်စေရန်၊ နိုင်ငံသားတိုင်းအတွက် အရေးကြီးသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုစီးပွားဘဝများတိုးတက်ရန်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့်အစိုးရကို ချောမောအောင်မြင်စွာ လွှဲပြောင်းပေးနိုင်ရန်အတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်မှန်သမျှကို ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
သို့သော်လည်း နိုင်ငံနှင့်ပြည်သူ ကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှုနည်းပါးပြီး လမ်းမှားလိုက်နေကြသည့် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းတချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်းဖက်သမားများနှင့် အားပေးထောက်ခံသူများကြောင့် ယခုအချိန်တွင် အောင်မြင်သင့်သလောက် မအောင်မြင်သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယနေ့ ဘွဲ့ခံပုဂ္ဂိုလ်များထဲတွင်ပါသည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသူများ၊ အသိပညာ အတတ်ပညာနှင့် နိုင်ငံကို ဘက်ပေါင်းစုံက တိုးတက်အောင် ဆောင်ရွက်နေကြသူများရှိသလို ပြည်တွင်းပြည်ပ၏ အဖျက်အမှောင့် ပယောဂကို ယုံစားပြီး အသိပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူများလည်း ရှိနေဆဲဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့် စိတ်မပျက်လက်မလျှော့ဘဲ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပြီး ကောင်းမွန်သည့် နိုင်ငံ၏အနာဂတ်ကို အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့နောက် ယာယီသမ္မတက စည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ ၁၃ ဦး၊ တပ်မတော် စွမ်းရည်သတ္တိဘွဲ့များဖြစ်ကြသည့် သီဟသူရဘွဲ့ရရှိသူ ၂ ဦးနှင့် သူရဘွဲ့ရရှိသူ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁၀ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၇ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၁ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းသည်။
