



◾️ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ဗိုလ်ကျစိုးမိုးခြင်း၊ ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလာသဖြင့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား တည်ဆောက်နေ
၄. ၁. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် တည်ဆောက်ပိုင်ဆိုင်ထားနိုင်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ပြောကြားသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် တည်ဆောက်ပိုင်ဆိုင်ထားနိုင်ခြင်းပင်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်မည်ဆိုပါကလည်း မိမိနိုင်ငံ၏ နယ်နိမိတ် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စစ်အင်အားများ တိုးချဲ့ခြင်းနှင့် ခေတ်မီလက်နက် အသစ်အဆန်းများ စမ်းသပ်တီထွင်ထုတ်လုပ်ခြင်းများ အပြိုင်အဆိုင် ဆောင်ရွက်နေကြသည်ကို တွေ့ကြရမည်ပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်လည်း Balance of Power ဟုခေါ် သည့် အင်အားချိန်ခွင်လျှာပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှုကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့နိုင်ငံ၏ တပ်မတော်ကိုလည်း တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် (Standard Army)တစ်ရပ်အဖြစ် ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိကြောင်းကို ပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
