ပုံစာ။ ယခင်ပျက်ကျခဲ့သောပုံရိပ်တစ်ခုနှင့် ယခု ရဟတ်ယာဉ်ပျက်ကျရာ Telegraph Canyon အနီး ရှာဖွေရေးပြုလုပ်မှု တွေ့ရစဉ်။
သက်တံ့
၃. ၁. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်ရှိ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသတစ်ခုတွင် ကိုယ်ပိုင်ဟယ်လီကော်ပတာတစ်စီး ပျက်ကျခဲ့ရာမှ လူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပီနယ်ခရိုင်ရဲအရာရှိရုံး၏ သတင်းထုတ်ပြန်ချက်အရ သောကြာနေ့(ဇန်နဝါရီ ၂ ရက်) ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် စူပီးရီးယားမြို့တောင်ဘက်ရှိ တယ်လီဂရပ်ဖ်ချောက် (Telegraph Canyon) အနီး၌ ဟယ်လီကော်ပတာတစ်စီး ပျက်ကျနေကြောင်း သတင်းရရှိခဲ့သည်။
ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က ပျက်ကျသွားသော MD 369FF အမျိုးအစား ဟယ်လီကော်ပတာပေါ်တွင် လူ ၄ ဦး လိုက်ပါသွားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် ဖီးနစ်မြို့အနီးရှိ ပီဂါဆက်စ်လေဆိပ် (Pegasus Airpark) မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း ရဲအရာရှိရုံးက ဆိုသည်။
သောကြာနေ့ ညနေပိုင်းတွင် ဒေသန္တရအာဏာပိုင်များနှင့် FAA စုံစမ်းစစ်ဆေးရေးမှူးများသည် ပျက်ကျရာနေရာသို့ ခြေလျင်သွားရောက်ခဲ့ကြပြီးနောက် အသက် ၅၉ နှစ်အရွယ် ကွင်းခရိခ်မြို့သား လေယာဉ်မှူးနှင့် ခရီးသည် ၃ ဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု The Independent သတင်းဌာနသို့ ပြောကြားခဲ့သည်။
လိုက်ပါလာသည့် ခရီးသည် ၃ ဦးစလုံးမှာ အမျိုးသမီး မိသားစုဝင်များဖြစ်ကြပြီး ၎င်းတို့အနက် ၂ ဦးမှာ အသက် ၂၁ နှစ်ဖြစ်ကာ ကျန်တစ်ဦးမှာ အသက် ၂၂ နှစ်ဖြစ်သည်။ “သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးပါတယ်” ဟု ရဲအရာရှိရုံးက ပြောကြားခဲ့သည်။
အာဏာပိုင်များ၏ အဆိုအရ တောင်တန်းများကြားတွင် အပျော်တမ်းလမ်းလျှောက်ရန် (သို့မဟုတ်) အားကစားအတွက် သွယ်တန်းထားသော ကြိုးတန်း (Slackline) တစ်ခု ရှိနေခဲ့ကြောင်းနှင့် ထိုကြိုးတန်းကို ရဟတ်ယာဉ်က ပြုတ်မကျမီ ဝင်တိုက်ခဲ့သည်ဟု ယုံကြည်ရသည်။ “၉၁၁ ကို ဖုန်းဆက်အကြောင်းကြားတဲ့ မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ ဟယ်လီကော်ပတာဟာ ချောက်ထဲကို မပြုတ်ကျခင် အဲဒီကြိုးတန်းကို တိုက်မိသွားတာကို မြင်တွေ့ခဲ့ရတယ်” ဟု ရဲအရာရှိရုံးက ဆိုသည်။
ဖေ့စ်ဘွတ်ခ် (Facebook) အသုံးပြုသူအချို့ကလည်း ထိုတောင်တန်းဒေသ၏ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့ကြသည်။ “အဲဒီနေရာတချို့ဟာ အလွန်ကြမ်းတမ်းပြီး သွားလာရခက်ခဲတဲ့ နေရာတွေဖြစ်တယ်” ဟု တစ်ဦးက ရေးသားခဲ့သည်။
လေယာဉ်ပျက်ကျပြီးနောက် FAA က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဘေးကင်းစွာလုပ်ဆောင်နိုင်ရန် ထိုဒေသအထက်တွင် ယာယီလေကြောင်းကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။ FAA နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့ (NTSB) တို့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : The Independent


