၃.၁.၂၀၂၆
Written By Thandar
အလှမယ်လောက ကနေ တစ်ဆင့် သရုပ်ဆောင်ပိုင်းရော ဂီတပိုင်းကိုပါ လုပ်ဆောင်လာတဲ့ ဇွန်သံစဉ်က ကိုယ်ပိုင်သံစဉ် “ပြတ်သားပြီလား”သီချင်းသစ် MTV လေးကို အကောင်းဆုံးရိုက်ကူးထားပြီး ပရိသတ်ကို လက်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။
“ ပြတ်သားပြီလား အသည်းကွဲသီချင်းလေးပေါ့နော်။ ကောင်လေးက ထားသွားတဲ့ သီချင်းလေးပါ။ မုဒ်ကတော့ သူနဲ့လိုက်တယ်ပေါ့…။ ထွေထွေထူးထူးတွေ သိပ်လုပ်စရာမလိုဘူး။ အေးချမ်းမောင်က ဒီလိုကာရိုက်တာနဲ့ ပေါက်ထားတာဆိုတော့ အတူ MTV လေးရိုက်ဖြစ်သွားတာပါ။ သီချင်းနာမည်လေးကတော့ ပြတ်သားပြီလား သီချင်းလေးပါ။ ဇွန်လိုချင်တဲ့ ပုံစံလေးနဲ့ တေးရေးရေးပေးတာနဲ့က ပြောစရာမလိုဘဲ ထပ်တူသွားကျတာလေး သဘောကျပြီး ဆိုဖြစ်သွားတာပါ။ ဇာတ်ကားမရိုက်ဖြစ်ဘဲနဲ့ သီချင်းတွေဆိုဖြစ်နေတာပါ။ ဇွန် ကိုယ်တိုင်က Emotion နဲ့ပဲ သွားတာမို့ ကိုယ်လုပ်ချင်တာလေးရှိရင် လုပ်လိုက်တယ်။ မလုပ်ချင်ရင်တော့ မလုပ်ဖြစ်ပါဘူး”လို့ သရုပ်ဆောင် ဇွန်သံစဉ်က ပြောပါတယ်။



သူမကတော့ ဂီတကို ချစ်မြတ်နိုးသူမို့ အနုပညာ သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကို ပိုနှစ်ခြိုက်သဘောကျတယ်လို့လည်း သိရပါတယ်။ အဆိုပါ တေးသီချင်းကို တေးရေး တင်နီလာစိုး@စနိုးရေးသားပေးပြီးတော့ ဒါရိုက်တာ John Peter JP က သရုပ်ဆောင်အနေနဲ့ အေးချမ်းမောင်နဲ့ ဇွန်သံစဉ်တို့က အကောင်းဆုံး MTV လေး ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
မနက်ဖြန် ဇန်နဝါရီ ၄ ရက်မှာ ပြတ်သားပြီလား Music Video ကို Zun Than Zin Youtube နဲ့ Music Platform တွေက တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
