၃.၁.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံအတွင်း မကြာသေးမီရက်များအတွင်း ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုတွေပါ ဖြစ်ခဲ့ရတဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က သတိပေးပြောကြားခဲ့အပြီးမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သမ္မတဟာ မကြာသေးမီရက်များအတွင်း ဆန္ဒပြမှုတွေကို တုံ့ပြန်ခြင်းဖြင့် ဒေသတွင်းတင်းမာမှုတွေကို မြှင့်တင်နေတယ်လို့ ဇန်နဝါရီလ ၂ ရက်က စွပ်စွဲပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အများအပြားဖမ်းဆီးခံရကာ နိုင်ငံအတွင်း မငြိမ်မသက်မှုများ တိုးပွားလာခဲ့ရပါတယ်။ ဒီအတွက် အမေရိကန်က ဝင်ရောက်စွက်ဖက်မယ်ဆိုရင် အီရန်က “လျင်မြန်၊ ပြတ်သားပြီး ပြည့်စုံတဲ့ တုံ့ပြန်မှုပြုလုပ်ရလိမ့်မယ်လို့ ဒေါ်နယ်ဒ်ထရမ့်ပ်ကို ပြန်လည်ခြိမ်းခြောက်ခဲ့တာပါပဲ။

အီရန်နိုင်ငံမှာ လူနေမှုစရိတ်တိုးပွားလာမှုအကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံတစ်ဝန်း လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာရတာပါ။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ သေဆုံးမှုတွေရှိလို့ အမေရိကန်အစိုးရအနေနဲ့ ကယ်တင်ရလိမ့်မယ်လို့ ထရမ့်ပ်က ပြောခဲ့တာပါ။
အီရန်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်ရင် အမေရိကန်ပြည်ထောင်စုက ကယ်တင်မှာ ဖြစ်တယ်။ ဒီအတွက် ကျွန်ုပ်တို့ အသင့်ပြင်ထားပြီးသွားရန် အသင့်ဖြစ်နေပြီ လို့ သမ္မတထရမ့်ပ်က လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက် ညနေပိုင်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ရာမှာတော့ အမေရိကန်အစိုးရရဲ့ ခုလိုခြိမ်းခြောက်မှု မှတ်ချက်တွေကို ရှုတ်ချတယ်လို့ဖော်ပြခဲ့ပြီး အမေရိကန်အနေနဲ့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာအောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကြေညာချက်က အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ဘယ်လိုကျူးကျော်မှုအပေါ်မဆို တုံ့ပြန်မှုက လျင်မြန်၊ ပြတ်သားပြီး ပြည့်စုံလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။
အစိုးရနဲ့ ဆက်စပ်နေတဲ့ မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီဇင်ဘာလ ၃၁ ရက်မှစလို့ အနည်းဆုံး သေဆုံးသူ ၁၀ ဦးရှိကြောင်း သတင်းပို့ခဲ့ပြီး အာဏာပိုင်တွေက သေဆုံးသူတွေမှာ ထိပ်တန်းတော်လှန်ရေး အစောင့်တပ်နှင့် ဆက်စပ်နေတဲ့ ဘာဆစ်ဂျ် အပျော်တန်းလက်နက်ကိုင်တပ်ဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးပါဝင်တယ်လို့ ဆိုကြပါတယ်။
အီရန်နိုင်ငံစီးပွားရေးဟာ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့မှုတွေအတွင်း များစွာထိခိုက်ခဲ့ရပြီး ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ နိုင်ငံရဲ့ငွေကြေးကလည်း အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် စံချိန်တင် အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ လူနေမှုစရိတ်တွေ မြင့်မားလာတာနဲ့အတူ ငွေကြေးဖောင်းပွမှုကလည်း အထူးမြင့်တက်နေပါတယ်။
ဆန္ဒပြပွဲတွေက ဒီအချက်တွေအပေါ် မကျေနပ်မှုတွေကို အခြေခံလို့ ဒီဇင်ဘာလ ၂၈ ရက်မှာ မြို့တော် တီဟီရန်မှာ စတင် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြလူအုပ်ကြီးက စီးပွားရေးဆိုင်ရာ မကျေနပ်ချက်တွေကို ကြွေးကြော်ခဲ့ကြတာပါ။
ယခုအပတ်ဆန္ဒပြပွဲတွေက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် မာဆာအမီနီ သေဆုံးမှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref-Sky News
