



၃.၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီး ဘရိတ်ပေါက်ရာမှ ညအိပ်ရပ်ထားသော YBS-83 မော်တော်ယာဥ်နှင့် ခြောက်ဘီးမော်တော်ယာဥ်တို့ကို ဝင်ရောက်တိုက်မိကာ အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့မှု ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၂ နာရီ ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယာဥ်မောင်းအပါအဝင်အမျိုးသားငါးဦး လိုက်ပါလာသော TOYOTA IPSUM ခဲရောင်အမျိုးအစား မော်တော်ယာဥ်မှာ ဘရိတ်ပေါက်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
“ယာဥ်တိုက်တဲ့အရှိန်ပြင်းလို့ ထိခိုက်သေဆုံးသူတွေများတာ။ ဖြစ်တာက လူငယ်ပိုင်းတွေများတယ်”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။
သေဆုံးသူမှာ ယာဥ်မောင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ကိုသော်တာထွန်းနှင့် ကိုပြည့်ဖြိုးအောင်တို့ဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မင်းတွင် ညာပါးစုတ်ပြဲ၊ ညာလက်ဖျံပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာနှင့် အသက် ၁၉ နှစ်အရွယ် ကိုကောင်းထက်ကိုတွင် အပေါ်နှုတ်ခမ်းပွန်း၊ ညာနာဖူးပွန်းဒဏ်ရာ (မစိုးရိမ်ရ)နှင့် အသက် ၁၈ နှစ်အရွယ် ကိုဝဏ္ဏရှင်းသန့်မှာ ဦးခေါင်းထိပ်ပေါက်၊ ဘယ်ဘက်ပုခုံးစုတ်ပြဲ၊ ညာဘက်ပုခုံးစုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားမှုဖြစ်စဥ်မှ ကားအတွင်းပိတ်မိနေသူများကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ၁၂ မိနစ်ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးနှင့်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။
