MT News
၃. ၁. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်သည် မနက်ဖြန်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
မစ္စတာဟွန်ဆန်က မနေ့က ပေးပို့သော ၎င်း၏ သဝဏ်လွှာတွင် “မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ဟုဆိုအပ်သော မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ် အခါသမယတွင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော် အထက်လွှတ်တော်နှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ကို ကိုယ်စားပြု၍ အဆွေတော်နှင့်တကွ မြန်မာနိုင်ငံအစိုးရ၊ ချစ်ကြည်ရင်းနှီးလှသော မြန်မာပြည်သူပြည်သားများ အားလုံးထံသို့ ကျွန်ုပ်၏ လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် မွန်မြတ်လှသော ဆုမွန်ကောင်းများကို ပေးပို့အပ်ပါသည်” ဟု ဖော်ပြထားသည်။
၎င်းက ဆက်လက်၍ “မိမိတို့၏ ပြည်သူလူထု သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အားထုတ်ကြိုးပမ်းမှုများကို ကျွန်ုပ်အနေဖြင့် အသိအမှတ်ပြုပါသည်။ ထို့အပြင် တူညီသော ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု တန်ဖိုးများနှင့် အပြန်အလှန် လေးစားနားလည်မှုတို့အပေါ် အခြေခံသည့် မိမိတို့ နှစ်နိုင်ငံအကြား ခိုင်မာသော နှစ်နိုင်ငံဆက်ဆံရေးကိုလည်း အထူးပင် တန်ဖိုးထားပါသည်။ ဤခိုင်မာသော အုတ်မြစ်သည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန်အတွက် အရေးပါသော အခြေခံအုတ်မြစ်ပင် ဖြစ်ပါသည်” ဟု ဆိုသည်။
ထို့အပြင် မစ္စတာဟွန်ဆန်က ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်း၏ ကတိကဝတ်ကို သဝဏ်လွှာဖြင့် ထပ်လောင်း အတည်ပြုခဲ့သည်။
Ref: AKP
