နေမိုး
၃၁. ၁၂. ၂၀၂၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခြောက်ရက်ကြာ ပျောက်ဆုံးနေသော Grade – 10 ကျောင်းသားငယ်အား အလောင်းအဖြစ်သာ ပြန်လည်တွေ့ရှိခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရှိရသည်။
ဖြစ်စဥ်မှာ တောင်ကြီးမြို့၊ အထက (၄) တွင် Grade (10) ၌ ပညာသင်ကြားနေသော မောင်အနဂ္ဂရဲထက် (ခ) စိုင်း A သည် ဒီဇင်ဘာ ၂၄ ရက် ညနေက ဘုရားဖြူရပ်ကွက်ရှိ သစ္စာ (၂) လမ်း နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားရာက ခြောက်ရက်ကြာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းတွင်မှ တောင်ကြီးမြို့၊ ဘုရားဖြူအပေါ်ချောက်ထဲမှ ရုပ်အလောင်းကိုသာ ပြန်တွေ့ခဲ့ရခြင်းဖြစ်သည်။
“တူလေးပြန်တွေ့ပါပြီ။ အသက်မပါလာတော့ပါဘူးရှင့်။ ဆုတောင်းလည်းမပြည့်ခဲ့ပါဘူး။ ဘုရားဖြူအပေါ်ချောက်ထဲ အလောင်းပဲပြန်တွေ့ပါတယ်။ အဖြစ်ဆိုးလိုက်တာသားရယ်”ဟု မောင်အနဂ္ဂရဲထက် ပျောက်ဆုံးမှုကို လိုက်လံရှာဖွေနေသော အဒေါ်တော်စပ်သူတစ်ဦးက လူမှုကွန်ရက်တွင် အသိပေးထားသည်။
ကွယ်လွန်သူ မောင်အနဂ္ဂရဲထက်အား ယနေ့ ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် စဝ်စံထွန်းဆေးရုံ၌ သရဏဂုံတင်ပြီး သင်္ခါရသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၂ ရက်နေ့တွင် ရက်လည်ဆွမ်းသွတ်တရားတော်နာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကျန်ရစ်သူမိသားစုက လူမှုကွန်ရက်တွင် အသိပေးထားမှုအရ သိရသည်။
မောင်အနဂ္ဂရဲထက် (ခ) စိုင်း A ကို ဆိုင်ကယ်လုယက်လိုသူက လုယက်သတ်ဖြတ်လိုက်သည်ဟု ကနဦးယူဆထားပြီး ဖြစ်စဥ်ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရှာဖွေနေသည်ဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
