၃၁.၁၂. ၂၀၂၅
Written by Thiri
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ့် 2026 Countdown Festival ကို YBS ကြိုပို့ယာဉ်တွေနဲ့ ဖျော်ဖြေပွဲပြီးတဲ့အထိ စောင့်ကြိုပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YTRC) ထံကနေ သိရပါတယ်။

2026 Yangon New Year Countdown ပွဲတော်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဈေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ (၃၁) ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၄) ရက်အထိ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ပြုလုပ်တဲ့ ငါးရက်တာကာလအတွင်း YBS ယာဉ်လိုင်း ၇ လိုင်းဖြစ်တဲ့ 115,7,8,37,62,61,39 ယာဉ်လိုင်းတွေကနေ လတ်တလောမှာ ယာဉ်တစ်စီးစီနဲ့ ပြေးဆွဲပေးဖို့ လျာထားကာ ယာဉ်စီးခ နှုန်းထားတွေကိုလည်း ပုံမှန်အတိုင်းသာ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့ရင်ပြင်ကနေ ဆူးလေကို ပြေးဆွဲပေးမယ့် မီနီဘတ်စ်ယာဉ် ၃ စီးလည်း ရှိနေမှာဖြစ်ကာ အခမဲ့စီးနင်းနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ 2026 Yangon New Year Countdown ပွဲတော်မှာ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ DJ ပညာရှင်တွေ၊ အကအဖွဲ့တွေနဲ့ မျိုးဆက်သစ်တေးသံရှင်တွေက ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



