◾️ နည်းပညာတိုးတက်လာသည်နှင့်အညီ မြန်မာ့ကမ်းလွန်ဒေသများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေမှုများ ပိုမိုတိကျစွာရှာဖွေတွေ့ရှိ
၃၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
လက်ရှိတွင် မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယမန်နေ့တွင် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားအား ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီအနည်ကျချိုင့်ဝှမ်း၊ မုတ္တမအနည်ကျချိုင့်ဝှမ်းတို့နှင့် ဆက်စပ်သည့် မြန်မာ့ကမ်းလွန်ဒေသများတွင် နည်းပညာတိုးတက်လာသည်နှင့်အညီ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေမှုများကို ပိုမိုတိကျစွာ ရှာဖွေတွေ့ရှိလာမှုကြောင့် ယင်းဒေသများတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။
ယခုအခါ Andaman ကျွန်းအနီးတဝိုက်တွင်လည်း အိန္ဒိယနိုင်ငံမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ မိမိတို့နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီထားသည့် စွမ်းအင်ကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်၍ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး အချိန်အခါကောင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုအချိန်တွင် မြန်မာ့ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီမံကိန်းများတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေကြောင်း၊ မိမိတို့နိုင်ငံအပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက်နေသည့်အတွက် မြန်မာ့ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနည်းပညာနှင့် အရင်းအနှီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သက်တမ်းရင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် နည်းပညာအသုံးပြု၍ ထုတ်လုပ်မှုမြှင့်တင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှရရှိမည့် ရေနံစိမ်းကိုရယူပြီး ရေနံချက်စက်ရုံအသစ် ပူးပေါင်းတည်ဆောက်မည့်စီမံကိန်း၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
