၃၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံတွင် ထိပ်တန်းခရီးသွားနေရာဖြစ်သော မာချူပီချူမြို့ရှိ အင်ကာခံတပ်သို့ ဦးတည်သော ကမ္ဘာလှည့်ခရီးသွားများသယ်ဆောင်လာသည့် ရထားတစ်စင်းက အခြားရထားတစ်စင်းနှင့် ခေါင်းချင်းဆိုင်တိုက်မိမှုတစ်ရပ် ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ရာ ရထားမောင်းသူတစ်ဦး သေဆုံးပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Inca Rail S.A. နှင့် PeruRail S.A. မှ လည်ပတ်သော ရထားများအကြား တိုက်မိမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့သည် ခရီးသွားများကို အဓိကအားဖြင့် အထင်ကရနေရာသို့ သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ကျန်းမာရေးအရာရှိတစ်ဦးက ဒဏ်ရာရရှိသူများအနက် လူ ၂၀ ခန့်သည် အခြေအနေဆိုးရွားကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရသူများထဲတွင် နိုင်ငံခြားခရီးသွားများလည်း ပါဝင်ကြောင်း ရဲအရာရှိတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။
တိုက်မိပြီး မကြာမီတွင် လူမှုမီဒီယာတွင် တင်ထားသော ပုံများတွင် ရထားလမ်းပေါ် ဆိုးရွားစွာ ပျက်စီးနေသော ရထားစက်ခေါင်းများ မျက်နှာချင်းဆိုင်ရှိနေပြီး ကွဲအက်နေသော မှန်များ ပြန့်ကျဲနေကာ ရထားလမ်းဘေးတွင် ဒဏ်ရာရရှိသူများကို ကုသပေးနေသည်ကို တွေ့ရသည်။ ရထားတွဲများမှာ ပြတင်းပေါက်များကျိုးပဲ့ကာ ဘေးတစ်ဖက်တစ်ချက်တွင် ချိုင့်ခွက်များဖြစ်လျက်ရှိကြပြီး တောအုပ်နှင့် ကျောက်နံရံကြားတွင် တည်ရှိသော ရထားလမ်းများပေါ်တွင် ပိတ်မိနေကြသည်။
အာဏာပိုင်များက ရထားတိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက် အလက်များကို တစ်စုံတစ်ရာ ထုတ်ပြန်မျှဝေခြင်း မရှိသေးကြောင်းသိရသည်။


အင်ကာလူမျိုးများက ၁၅ ရာစုတွင် တည်ဆောက်ခဲ့သည့် ရှေးဟောင်းသုတေသနနေရာဖြစ်သော မာချူပီချူသို့ နှစ်စဉ် ခရီးသွား ၁ ဒသမ ၅ သန်းခန့် ပျမ်းမျှအားဖြင့်လာရောက်လည်ပတ်ကြပြီး ၎င်းတို့အများစုမှာ ရထားဖြင့် ရောက်ရှိကြသည်။
ဤရှေးဟောင်းသုတေသနနေရာကို အင်ကာ ဘုရင်များလက်ထက်က ၎င်းတို့အတွက် ခိုလှုံရာနေရာအဖြစ် ထားရှိခဲ့သည်။ မာချူပီချူသည် ၎င်း၏ ခြောက်သွေ့သောကျောက်အုတ်နံရံများနှင့် Temple of the Sun ဘုရားကျောင်း အပါအဝင် အဓိကအဆောက်အအုံသုံးခုအတွက် လူသိများသည်။
Ref- Reuters, Sky News
