◾ ရွေးကောက်ပွဲအပိုင်း ၁ တွင် မြိတ်မြို့မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးသာ အနိုင်ရရှိထား
၃၁.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တွင် မဲပေးရကောင်းနိုးဖြစ်နေသည့် မဲဆန္ဒရှင်များ ပြည်သူ့ပါတီသို့ အမှန်တကယ်မဲပေးမည်ဆိုလျှင် လက်ရှိမဲရလဒ်များကို မိမိတို့ပြောင်းလဲနိုင်ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်အနေဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “အခုအချိန်ထိ မဲပေးရကောင်းနိုး၊ ချီတုံချတုံဖြစ်နေတဲ့ မဲဆန္ဒရှင်ပြည်သူတွေသာ ဒုတိယအသုတ်နဲ့ တတိယအသုတ်မှာ တကယ့်ကို တက်တက်ကြွကြွနဲ့ မဲပေးကြမယ်ဆိုရင် အခုရှိနေတဲ့ မဲရလဒ်တွေကို ကျွန်တော်တို့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ ထောင်နဲ့ချီ မဲဆန္ဒရှင်တွေ ရှိပါလျက်နဲ့ အနိုင်ရတဲ့မဲပမာဏက တစ်ရာကျော်လောက်နဲ့ အနိုင်ရသွားတာကြည့်ရင် မဲမပေးတဲ့သူတွေရဲ့ စိတ်ဆန္ဒတွေ ပါမသွားဘူးဆိုတာ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါကြောင့်မို့လို့ ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေမှာ ချီတုံချတုံဖြစ်နေရင်တောင်မှ ငါတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီရလဒ်ကို ပြောင်းပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ ပြည်သူ့ပါတီကို မဲပေးနိုင်ပါတယ်။ အားလုံးရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးလေးစားစားနဲ့မျှော်လင့်လျှက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကြိုတင်မဲပြဿနာ၊ မဲစာရင်းပြဿနာစသည့် လိုအပ်ချက်၊ စိန်ခေါ်မှုများရှိနေသော်လည်း ပြည်သူ့ပါတီ၏ မဲဆန္ဒရှင်များအနေဖြင့် တက်တက်ကြွကြွဖြင့် မိမိတို့ကို မဲပေးခဲ့ကြကြောင်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့ပါတီအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် တစ်နိုင်ငံလုံး၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသာ အနိုင်ရရှိထားကြောင်းလည်း အဆိုပါ ပန်ကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
“ရွေးကောက်ပွဲမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှာဆိုရင် အခုချိန်ထိ မဲစာရင်းရလဒ်အတိအကျကို မကြေညာနိုင်သေးပေမဲ့လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ယောက် အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာလည်း တကယ့်ကို ထိုက်ထိုက်တန်တန်နဲ့ မဲအရေအတွက်ရရှိခဲ့ပါတယ်” ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြာခဲ့သည်။
ပြည်သူ့ပါတီ၏ တစ်ဦးတည်းသော အနိုင်ရလွှတ်တော်ကိုယ်စားလှယ်မှာ မြိတ်မြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် FPTP ကိုယ်စားလှယ်လောင်း ဦးခိုင်ဦးဖြစ်ကြောင်း ပြည်သူ့ပါတီမှ သိရသည်။
ပြည်သူ့ပါတီ (PP)သည် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၆ ခုအနက် ပဉ္စမမြောက် ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံးအဖြစ် ၅၀၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
