၃၁. ၁၂. ၂၀၂၅
MT News Editorial
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာပြည်သူများသည် ရွေးကောက်ပွဲများတွင် အားတက်သရော ပါဝင်ခဲ့ကြသည့် သာဓကများ ရှိခဲ့သည်။ အချက်အလက်များအရ အပိုင်းလိုက် ခွဲခြားကျင်းပခဲ့ရသော ၁၉၅၁ ခုနှစ် ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မဲပေးခဲ့သော်လည်း ကျန်ရွေးကောက်ပွဲ သမိုင်းတစ်လျှောက်တွင်မူ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအကြား မဲပေးမှုနှုန်း မြင့်မားခဲ့သည်ကို တွေ့ရှိရပေမည်။
သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ပထမအကြိမ် ရွေးကောက်ပွဲ (တစ်လကြာ သုံးကြိမ်ခွဲ ပြုလုပ်မည့်ရွေးကောက်ပွဲ) တွင်မူ မဲပေးသူ ၅၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အကြမ်းဖက်များ၏ ခြိမ်းခြောက်မှု အကြောက်တရားအောက်မှ မဲပေးရသော အခြေအနေတွင် ထိုမျှမဲပေးမှုမှာ များပြားသည်ဆိုရမည် ဖြစ်သော်လည်း အခြားသော ရွေးကောက်ပွဲကိန်းဂဏန်းများနှင့် ချိန်ထိုးပါက မဲပေးသူနည်းပါးသည်ဟု ဆိုရပေမည်။ ထိုသို့ မဲပေးသူ နည်းပါးမှု၏ ဆိုးကျိုးအဖြစ် အချို့သော မဲဆန္ဒနယ်များတွင် မဲအရေအတွက် ရာဂဏန်း၊ ထောင်ဂဏန်းမျှဖြင့် ကပ်သီးကပ်သတ် အနိုင်ရသွားခဲ့ကြပြီး လူထုအတွက် အမှန်တကယ် အကျိုးပြုမည့်သူများမှာ မဲမပေးသူများ၏ ပျက်ကွက်မှုကြောင့် လွှတ်တော်နိုင်ငံရေးအတွင်းသို့ မရောက်ရှိဘဲ ဖယ်ကျဉ်ခံလိုက်ရသည်မှာ တိုင်းပြည်အတွက် ဝမ်းနည်းစရာလည်း ကောင်းလှပေသည်။
ရွေးကောက်ပွဲဆိုင်ရာ အင်္ဂလိပ်စကားပုံတစ်ခုတွင် “Bad officials are elected by good citizens who do not vote.” ဟု ဆိုထားပေသည်။ ထိုစကားပုံ၏ ဆိုလိုရင်းသည် ပြည်သူများက မိမိကိုအုပ်ချုပ်မည့်သူ သို့မဟုတ် မိမိကိုယ်စားလှယ်ကို အကောင်းတကာ့အကောင်းဆုံးပုဂ္ဂိုလ်အား ရွေးချယ်ရမည်ဖြစ်ပြီး မိမိက အကောင်းဆုံးသူကို မရွေးချယ်လိုက်ပါက ဒုတိယတန်းစားလူများသာ ရွေးကောက်ခံရတော့မည်ဖြစ်သည်။ ဒုတိယလူသည် ပထမလူကဲ့သို့ ပြည့်စုံနိုင်မည်မဟုတ်သဖြင့် သင်တို့၏ မဲပေးရန် ပျက်ကွက်မှုသည် သင်မလိုလားအပ်သူများအတွက် အာဏာပလ္လင်ဆီသို့ ခင်းပေးလိုက်သော ကော်ဇောနီ ဖြစ်သွားတတ်ပေသည်။
- လက်ရှိ မြန်မာနိုင်ငံသည် စစ်နွံထဲတွင် နစ်မွန်းနေရပြီး ဘက်အသီးသီးမှ လက်နက်ကိုင်အားလုံးကို ကြောက်ရွံ့နေရသည့် အခြေအနေ ဖြစ်သည်။ ရွေးကောက်ပွဲ လမ်းကြောင်းမှသာ မရုန်းထွက်နိုင်ပါက မြန်မာနိုင်ငံသည် စစ်နွံထဲတွင် အနှစ် ၂၀ ကျော် ထပ်မံနစ်မွန်းရမည်ဖြစ်ပြီး ပြည်တွင်းစစ် နှစ် ၁၀၀ ကျော်သော နိုင်ငံအဖြစ် မကောင်းသော စံချိန်သစ် ချိုးရပေလိမ့်မည်။ ထို့ပြင် မဲပေးမှုနည်းပါးခြင်း သို့မဟုတ် ကန့်ကွက်သူများပြားခြင်းဟူသော အချက်သည် ရွေးကောက်ခံ အစိုးရအပေါ် သက်ရောက်လာပါက နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ထင်သလောက် မရရှိနိုင်သဖြင့် လာမည့် ၅ နှစ်တာကာလတွင်လည်း တိုင်းပြည်မှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသည့် ဆိုးကျိုးကိုပါ ခါးသီးစွာ ခံစားရပေလိမ့်မည်။
ရွေးကောက်ပွဲတွင် မဲမပေးခြင်းသည် စစ်ပွဲ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မဲ့ခြင်းအပြင် အခြားသော အကျပ်အတည်းများစွာရှိနေသည့်ကြားမှ ၅၂ ရာခိုင်နှုန်းသာ မဲပေးခဲ့သည့် ဖြစ်ရပ်မျိုးဖြင့် လူထု၏ ထက်ဝက်နီးပါးက ဆိတ်ဆိတ်နေကာ မိမိတို့ကံကြမ္မာကို သူတစ်ပါးလက်ထဲ ထိုးအပ်ခဲ့ကြသည်မှာ ဒီမိုကရေစီကို အမှန်တကယ်လိုလားကြောင်း ပြသလိုသည့်နိုင်ငံများအတွက် မဖြစ်သင့်တော့ချေ။ အခြားသောအခွင့်အရေးအနေဖြင့်မူ ရွေးကောက်ပွဲသည် သုံးပိုင်းခွဲကျင်းပမည်ဖြစ်သဖြင့် ဒုတိယပိုင်းနှင့် တတိယပိုင်းတွင်သာ ပြည်သူများတစ်ခဲနက် မဲထွက်ပေးပါက ယခုအရေးနိမ့်ခဲ့ကြသူအချို့ ပြန်လည်အနိုင်ရသွားနိုင်ပေသေးသည်။
အချုပ်အားဖြင့်ဆိုသော် လာမည့် ဇန်နဝါရီ ၁၁ ရွေးကောက်ပွဲ (ဒုတိယအကြိမ်) နှင့် ဇန်နဝါရီ ၂၅ ရက် (တတိယအကြိမ်) ရွေးကောက်ပွဲများတွင် ပထမအကြိမ်ကကဲ့သို့ ပေါ့ဆမနေကြရန် အထူးသတိပေးလိုပါသည်။ “ငါ့တစ်မဲ ပျက်ကွက်လို့လည်း ဘာမှမဖြစ်ပါဘူး” ဟူသော နုံနည်းသည့် အတွေးထက် “ငါ့တစ်မဲနဲ့ ကိုယ်စားလှယ် မဖြစ်ထိုက်သူကို မောင်းထုတ်ပြီး ဖြစ်ထိုက်သူကို ရွေးချယ်မယ်” ဆိုသော အတွေးများဖြင့် မဲရုံသို့ ဆက်ဆက် အရောက်သွားရပါမည်။ သင် မဲမပေးဘဲ နေခြင်းသည် တိုင်းပြည်အား အကောင်းဆုံး ပြန်လည်တည်ဆောက်မည့်သူများကို မောင်းထုတ်လိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။ ထို့အတွက် မိမိတို့၏ အခွင့်အရေးကို တန်ဖိုးထားပြီး သင်၏ ဆန္ဒမဲတစ်ပြားဖြင့် တိုင်းပြည်၏ ကံကြမ္မာကို အလင်းဘက်သို့ ပို့ဆောင်ပေးနိုင်ပါကြောင်း MT News က အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
