၂၉. ၁၂. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ်ရှိ မာနာဒိုမြို့မှ ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ဘိုးဘွားများအပါအဝင် လူ ၁၆ ဦး သေဆုံးသွားကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ယနေ့ တနင်္လာနေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် အတည်ပြု ပြောကြားသည်။
ဝါဒါဒါမိုင်းဘိုးဘွားရိပ်သာတွင် တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၈ ရက်) ညနှောင်းပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များအနေဖြင့် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မာနာဒိုရဲချုပ် အီဟမ်ဟာလစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Metro TV သတင်းဌာန၏ မှတ်တမ်းတင်ဗီဒီယိုများတွင် မီးလျှံများက ဘိုးဘွားရိပ်သာတစ်ခုလုံးကို ဝါးမြိုနေပြီး ညအမှောင်ထုကို လိမ္မော်ရောင်များအဖြစ် ပြောင်းလဲနေသည်ကို တွေ့ရသည်။ ထို့ပြင် ရပ်ကွက်နေပြည်သူများက သက်ကြီးရွယ်အိုတစ်ဦးကို မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ကူညီကယ်ထုတ်နေသည်ကိုလည်း တွေ့မြင်ရသည်။
တနင်္လာနေ့တွင်မူ ပျက်စီးသွားသော ဘိုးဘွားရိပ်သာ၏ အကြွင်းအကျန်များတွင် အမှိုက်သရိုက်များနှင့် အပျက်အစီးများ ပြည့်နှက်နေသည်ကို ရိုက်တာသတင်းဌာန၏ မျက်မြင်သက်သေတစ်ဦးက ပြောပြသည်။
ဘိုးဘွားရိပ်သာ၏ တာဝန်ခံ အိုလ်ဗာဆူမူယယ်က အဆိုပါရိပ်သာတွင် သက်ကြီးရွယ်အိုများ နေထိုင်ကြောင်းနှင့် မီးလောင်ချိန်အတွင်း ရိပ်သာဝင်းအတွင်း၌ လူ ၃၀ ခန့် ရှိနေခဲ့ကြောင်းနှင့် ဒဏ်ရာရသူအချို့လည်းရှိကြောင်း ပြောကြားသည်။
မီးလောင်မှုကို တနင်္ဂနွေနေ့ ညနှောင်းပိုင်းတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
Ref : Reuters


