၂၉.၁၂.၂၀၂၅
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၊ အိုအေဆာကာပြည်နယ်မှာ ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၉၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ရထားလမ်းကို ကြီးကြပ်တဲ့ မက္ကဆီကိုရေတပ်ရဲ့ အဆိုအရ ခရီးသည်နဲ့ ရထားအမှုထမ်း ၂၅၀ ခန့်လိုက်ပါလာတဲ့ အဆိုပါ သမုဒ္ဒရာချင်းဆက် ရထားဟာ နီဇန်ဒါမြို့အနီးမှာ ဒီဇင်ဘာလ ၂၈ ရက်က လမ်းချော်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းက လူမှုကွန်ရက် X မှာ ဒဏ်ရာရရှိသူတွေအနက် ငါးဦးက အခြေအနေစိုးရိမ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေကို ကူညီဖို့အတွက် အကြီးတန်းအရာရှိတွေကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လုပ်ဆောင်နေတယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။
အိုအေဆာကာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာလိုမွန် ဂျာရာ ခရုဇ်ကလည်း မတော်တဆမှုမှာ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းတယ်လို့ ပြောကြားခဲ့ပါတယ်။
သမုဒ္ဒရာချင်းဆက် ရထားလမ်းကို ရှိန်ဘွမ်း မတိုင်ခင် နိုင်ငံရေးမဟာမိတ်သမ္မတ ဘန်ဒရီးစ် မာနျူရယ်လ် လိုပက်ဇ်က ၂၀၂၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။ ရထားက မက္ကဆီကို အရှေ့တောင်ပိုင်းကို ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဆက်သွယ်ပေးတဲ့ မဟာဗျူဟာမြောက် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖန်တီးဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။
ဒါပေမယ့်သမုဒ္ဒရာချင်းဆက် ရထားလမ်းနဲ့ အနီးနားရှိ Maya ရထားလမ်း အပါအဝင် စီမံကိန်းအချို့ဟာ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဝေဖန်ခံခဲ့ရပါတယ်။
Ref : DW News




