၂၉.၁၂.၂၀၂၅
Written by Linn Eain
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် သင်္ဃန်းကျွန်းမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (FPTP) နေရာတို့တွင် အနိုင်ရလဒ်ဖြင့် ဦးဆောင်နေကြောင်း အဆိုပါမြို့နယ်ကော်မရှင်အဖွဲ့တို့မှ စုံစမ်းသိရသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်များ ညတွင်းချင်းရေတွက်ခဲ့ပြီး သက်ဆိုင်ရာကော်မရှင်များက မဲရလဒ်အတိအကျ တရားဝင်ကြေညာသွားမည်ဖြစ်ပြီး ယခုအခါ ကနဦးရေတွက်မှုများအရ ပြည်ခိုင်းဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းများက အဆိုပါမြို့နယ်တို့တွင် အနိုင်ရလဒ် ရရှိထားကြောင်း သိရသည်။


ပြည်ခိုင်ဖြိုးပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သန်းသန်းအေးသည် အခြားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများထက် မဲရလဒ် ပိုမိုများပြားခဲ့ပြီး ဒုတိယနေရာရှိ PP ပါတီမှ ကိုယ်စားလှယ်လောင်းထက် မဲရလဒ် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ကော်မရှင်မှ စုံစမ်းသိရသည်။
ပြည်ခိုင်ဖြိုးပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးနိုင်ဝင်းသည်လည်း အခြားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများထက် မဲရလဒ် ပိုမိုများပြားခဲ့ပြီး ဒုတိယနေရာရှိ ပြည်သူ့ပါတီ(PPP)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးထက်ဝင်းထက် မဲရလဒ် တစ်ဆနီးပါးပိုမိုရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းထိုက်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအောင်မိုးကျော်တို့သည် ထိပ်ဆုံးမှ မဲအများဆုံးရလဒ်ရရှိထားကြောင်း ဗိုလ်တထောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ပြည်ခိုင်ဖြိုးပါတီကလူက ထိပ်ဆုံးကနေ မဲအများဆုံးရသွားပါတယ်။ တိုင်းဒေသကြီး (FPTP) ကလည်း ပြည်ခိုင်ဖြိုးပါတီကပဲ ရသွားပါတယ် “ ဗိုလ်တထောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ကျန်ရှိနေသည် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(FPTP)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR)နှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်(PR) တို့၏ မဲရလဒ်များအနေဖြင့် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကျင်းပပြီးမှသာ ရလဒ်အားဖြင့် ထွက်ပေါ်လာမည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ ရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။




