သတိုး
၂၈. ၁၂. ၂၀၂၅
ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှ စတင်သော ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း မဲပေးသော ပြည်သူများ များပြားခဲ့သည်ဟု မဲရုံများသို့ သွားရောက်မဲပေးခဲ့သူ မဲဆန္ဒရှင်များက ပြောကြားသည်။

မဲပေးသူများပြားမှုတွင် အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများပြားသော နေပြည်တော်တွင်သာမက မန္တလေးကဲ့သို့ ယနေ့မနက်ပိုင်းကပင် PDF များ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးခြေထောက်ပြတ်ကာ အမျိုးသားတစ်ဦးဒဏ်ရာရသည့်နေရာတွင်ပင် မဲပေးပြည်သူ ရာနှင့်ချီရှိနေသည်ဟုလည်း MT News က စုံစမ်းသိရသည်။

“မန္တလေးမှာ ဒီမနက်က PDF တွေ ရှော့တိုက်ဒုံးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်ပြီး တစ်ယောက်ဒဏ်ရာရသွားလို့ မဲသွားပြီး မပေးရဲကြလောက်ဘူးထင်တာတောင် မဲပေးသူတွေက မဲရုံတိုင်းမှာ အပြည့်ရှိနေပြီး မဲပေးသူရာချီတန်းစီစောင့်နေတာကို နေရာတော်တော်များများမှာ မြင်နေရတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။
ထို့အတူ ရန်ကုန်တွင်လည်း ပြည်သူများက မဲလာရောက်ပေးမှုများပြားသလို မဲရုံဖွင့်လှစ်ရာနေရာများတွင် လုံခြုံရေးချထားပြီး နှောင့်ယှက်ဖျက်ဆီးသူများ မကပ်နိုင်သဖြင့် ယနေ့ နေ့လယ် ၃ နာရီအချိန်အထိ မဲရုံများငြိမ်းချမ်းစွာ ဆန္ဒမဲပေးနိုင်နေဆဲဖြစ်သည်ဟု MT News က စုံစမ်းသိရသလို ရွေးကောက်ပွဲမှာ အောင်မြင်စွာပြီးစီးသွားမည်ဟုလည်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က MT News ကို ပြောသည်။

“ရွေးကောက်ပွဲကတော့ ဘာပဲပြောပြော အေးအေးဆေးဆေးနဲ့ အောင်မြင်သွားမှာပါ။ သို့သော်လည်း ပြည်သူများများက ထွက်ပေးတယ်ဆိုရင် ပြည်သူအများစုရဲ့ သဘောဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ခံအစိုးရ တက်လာမှာဖြစ်ပါတယ် ရှင့်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဆိုသည်။
ထို့အတူ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းပေါ်ရှိ မဲရုံ (၁) တွင်လည်း နေ့လယ် ၂ နာရီအချိန်အထိ မဲပေးသူ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး ဆက်လက်မဲပေးမည့်သူများ တန်းစီစောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရှိရသည်။ ထို့အပြင် မန္တလေး၊ နေပြည်တော်ရှိ မဲရုံများတွင်လည်း မြေပြင်မဲပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိနေသည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးထံမှ သိရှိရသည်။

အလားတူ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူနှင့် Myanmar Narrative မှ ဦးညိုအုန်းမြင့်ကလည်း ရွေးကောက်ပွဲမှာ အေးချမ်းကြောင်းနှင့် မဲရုံ ၉ ရုံလိုက်လံကြည့်ရှုရာ နေ့လယ် ၁၂ နာရီအထိ မဲပေးသူ ၃၀ ရာခိုင်နှုန်းကျော်က မဲပေးထားကြောင်း လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
“Myanmar Narrative မှာပါလို့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့တွေလို လေ့လာစောင့်ကြည့်ခွင့်ရပါတယ်။ အေးအေးချမ်းချမ်းပါပဲ။ အရဲစွန့်လာပေးကြတဲ့ မဲဆန္ဒရှင်တွေက မနက် ၈ နာရီဝန်းကျင်ကတည်းက ရောက်နေပါပြီ။ နေ့လယ် ၁၂ နာရီအထိ လိုက်ကြည့်တဲ့မဲရုံ ၉ ရုံမှာ မှတ်ပုံတင်ထားတဲ့ မဲပေးနိုင်သူ ၃၀ ရာခိုင်နှုန်းကျော်လာပေးထားတာ တွေ့ရပါတယ်။“ ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့ စတင်ကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့သည်။ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များရှိကာ မဲရုံများတွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်းမြင်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထိုသို့ လွတ်လပ်မျှတစွာဆောင်ရွက်ပေးထားသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မဲပေးပြီးချိန် မီဒီယာများ၏ မေးမြန်းမှုအပေါ် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ကို အာမခံထားကြောင်းနှင့် တပ်မတော်က ပြုလုပ်သည့်အတွက် နာမည်အပျက်မခံကြောင်း ပြောကြားခဲ့သည်။ ထိုသို့ အာမခံပေးထားသည့် မြန်မာ့ရွေးကောက်ပွဲကို ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီကာရာဂွာ၊ အိန္ဒိယ၊ မြန်မာ-ဂျပန်အသင်းအပြင် အခြားသောနိုင်ငံများမှလည်း ကိုယ်စားလှယ်ပေါင်း ၁၅၀ ဝန်းကျင်လည်း လာရောက်လေ့လာနေကြောင်း သိရှိရသည်။
ပုံစာ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပြည်သူများ၏ မဲပေးမှုမြင်ကွင်းများ (Photo – Credit)
