နေမိုး
၂၄. ၁၂. ၂၀၂၅
PDF များက ပြန်ပေးဆွဲဖမ်းဆီးမှု မကြာခဏကျူးလွန်သော မုံရွာမြို့နယ်တွင် PDF များ ဖမ်းဆီးသွားခဲ့သူတစ်ဦးအား ငါးမိနစ်အတွင်း ပြန်လည်ကယ်တင်နိုင်ခဲ့သည့်အပြင် PDF များ အသုံးပြုခဲ့သည့် မော်တော်ယာဉ်တစ်စီးနှင့် လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်နေ ဦးချစ်ကိုကို (၅၇) နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF လေးဦးက လက်နက်ငယ်များ ကိုင်ဆောင်လျက် MARK II အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၅ မိနစ်တွင် လယ်တီရပ်ကွက်၊ ကန်သာယာဈေး၏အရှေ့ဘက် ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာသည့် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်အား ပိတ်ဆို့ဖမ်းဆီးစဉ် PDF လေးဦးမှာ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ဖမ်းဆီးခံရသူ ဦးချစ်ကိုကိုအား ပြန်လည်ကယ်တင်နိုင်ခဲ့သည်။


ထို့အပြင် PDF တို့ အသုံးပြုခဲ့သည့်ယာဉ်ပေါ်မှ AK-47 ကျည်ဘောက်တစ်ခု၊ MA-3 ကျည်ဘောက် နှစ်ခု၊ ၇.၆၂×၃၉ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၃၁ တောင့်၊ လက်ကိုင်ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီ ၂၀ မိနစ်တွင် တိမ်းရှောင်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ လယ်တီရပ်ကွက်ရှိ စမ်းမြရောင်ခြည်ဘုန်းကြီးကျောင်းအတွင်းမှ AK-47 သေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ MA-3 သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၇.၆၂ × ၃၉ ကျည် ၂၈ တောင့်၊ ၅.၅၆ ကျည် ၂၄ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် PDF များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
