၂၄.၁၂.၂၀၂၅
Translated by Htwe Ko Tun
လစ်ဗျားစစ်ဘက်အကြီးအကဲ မိုဟာမက် အယ်လ်-ဟတ်ဒက်ဟာ တူရကီနိုင်ငံမှာ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ပြီးနောက် လစ်ဗျားနိုင်ငံကို အပြန်မှာ ဒီဇင်ဘာလ ၂၃ ရက်ကလေယာဉ်ပျက်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပေါ်မှာ မိုဟာမက် အယ်လ်-ဟတ်ဒက်နဲ့အတူ အခြားလေးဦးလည်း လိုက်ပါလာတယ်လို့ သိရပါတယ်။
လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူလ်-ဟာမစ် ဒီဘီဘာက တူရကီနိုင်ငံအတွင်း လေယာဉ်ပျက်ကျမှုမှာ လစ်ဗျား စစ်ဘက်အကြီးအကဲ မိုဟာမက် အလီ အာမက် အယ်လ်-ဟတ်ဒက်နဲ့ အခြားလေးဦး သေဆုံးခဲ့တယ်ဆိုတာ အတည်ပြုခဲ့သည်။

တူရကီပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာက လေကြောင်းအသွားအလာထိန်းချုပ်သူတွေဟာ လစ်ဗျားစစ်ဘက်အကြီးအကဲနဲ့ အခြားစစ်ဘက်အရာရှိလေးဦး တူရကီနိုင်ငံမှ အပြန်ခရီးမှာလိုက်ပါလာတဲ့ Dassault Falcon 50 အမျိုးအစားဂျက်လေယာဉ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
လေယာဉ်ဟာ တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာရှိ အီဆန်ဘိုဂါလေဆိပ်မှ ဒီဇင်ဘာလ ၂၃ ရက် ဒေသစံတော်ချိန် ည ၈း၁၀ နာရီတွင် ထွက်ခွာခဲ့တယ်လို့ အလီ ယာလီကာယာက X မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် မိနစ် ၄၀ အကြာမှာ ဂျက်လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
တူရကီသမ္မတရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အကြီးအကဲ ဘာဟင်နက်တင် ဒူရန်က ပုဂ္ဂလိကဂျက်လေယာဉ်ဟာ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုကို သတင်းပို့ခဲ့ပြီး အရေးပေါ်ဆင်းသက်ဖို့ တောင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီ့နောက် လေယာဉ်က အန်ကာရာမြို့တောင်ဘက် ကီလိုမီတာ ၇၀ ( ၄၃ ဒသမ ၅ မိုင်) အကွာမှာ ပျက်မကျမီ လေကြောင်းထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။
တူရကီအစိုးရက ကုလသမဂ္ဂထောက်ခံတဲ့ လစ်ဗျားအစိုးရနဲ့ နီးကပ်သောဆက်ဆံရေးရှိပြီး ထရီပိုလီမြို့အခြေစိုက် အဆိုပါ လစ်ဗျားအစိုးရကို စစ်ရေးအကူအညီတွေ ပေးအပ်နေပါတယ်။
လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူလ်-ဟာမစ် ဒီဘီဘာက Facebook မှာ ကြေညာချက်တစ်စောင်ရေးခဲ့ရာမှာ လစ်ဗျားကိုယ်စား လှယ်အဖွဲ့ဟာ အန်ကာရာသို့ တရားဝင်ခရီးစဉ်မှ ပြန်လာစဉ် “ဝမ်းနည်းဖွယ် မတော်တဆမှု” ဖြစ်ပွားခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ အယ်လ်-ဟတ်ဒက်နဲ့အတူလိုက်ပါလာသူ အခြားလေးဦးက အယ်လ်-ဟတ်ဒက်ရဲ့ အကြံပေး မိုဟာမက် အယ်လ် အဆာဝီ ဒိုင်ယတ်၊ ဗိုလ်ချုပ် အယ်လ်ဖီတိုရီ၊ အကြံပေးအရာရှိ မာမွတ် အယ်လ်ကွာတီဝီနဲ့ ဓာတ်ပုံဆရာ မိုဟာမက် အိုမာ အာမက် မာဂျုတ်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
လစ်ဗျားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က မိုမာ ကဒါဖီ ပြုတ်ကျပြီးတဲ့နောက်ပိုင်း နိုင်ငံအတွင်း ပြည်တွင်းအာဏာလုပွဲတွေကို ခံစားခဲ့ရပြီး ပြည်ပနိုင်ငံတွေလည်း စွက်ဖက်ပတ်သက်နေကာ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရပါတယ်။
ဒီဘီဘာအစိုးရက နိုင်ငံအနောက်ပိုင်းမှာ အခြေစိုက်ပြီး ရုရှားရဲ့ ထောက်ခံမှုရရှိထားတဲ့ ဝန်ကြီးချုပ် အိုစမာဟာမက်ရဲ့ ပြိုင်ဘက်အစိုးရက နိုင်ငံအရှေ့ပိုင်းမှာ အခြေစိုက်ပါတယ်။
Ref -DW

