၂၄. ၁၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဖန်ထောင်မြို့နယ်တွင် မနေ့ည (ဒီဇင်ဘာလ ၂၃ ရက်) က စားသောက်ဖွယ်ရာကိစ္စဖြင့် မြန်မာလုပ်သားအချင်းချင်း အငြင်းပွားကာ ဓားထိုးမှုဖြစ်ပွားခဲ့ရာမှ ကျူးလွန်သည့် မြန်မာလုပ်သားတရားခံကို ဖမ်းဆီးရန် ကြိုးပမ်းသည့် ထိုင်းလုံခြုံရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားမြန်မာအလုပ်သမားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဘန်ကောင်းတိုက်နယ်ရှိ ကုမ္ပဏီတစ်ခု၏ရှေ့ လုံခြုံရေးဂိတ်တွင် အဆိုပါဓားထိုးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားချက် ရောက်ရှိလာခဲ့သည်။ ရဲအရာရှိများ အခင်းဖြစ်နေရာသို့ ရောက်ရှိသွားချိန်တွင် အကြမ်းဖက်ပဋိပက္ခကို ဝင်ရောက်တားဆီးရင်း ဓားဖြင့် အကြိမ်ကြိမ် ထိုးခံထားရသည့် ထိုင်းနိုင်ငံသား လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်ဖြစ်ပွားစအချိန်ကပင် ကယ်ဆယ်ရေးသမားများက အခင်းဖြစ်နေရာ၌ ဓားထိုးခံရသည့် ထိုင်းနိုင်ငံသား လုံခြုံရေးဝန်ထမ်းကို အရေးပေါ်ပြုစုကုသကာ အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသားတစ်ဦးကိုလည်း ပြင်းထန်သော ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသဖြင့် အရေးပေါ်ကုသမှုခံယူရန် ဖန်ထောင်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်မှာ မြန်မာအလုပ်သမားများအကြား ကုမ္ပဏီက ကျွေးသည့် “ထမင်းဘူး” ဝေမျှရန် မလောက်ငသည့်ကိစ္စဖြင့် စတင်အငြင်းပွားခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ကိုယ်ထိလက်ရောက် ရန်ပွဲအဖြစ် ပြောင်းလဲသွားပြီး ဓားဖြင့် ထိုးနှက်သည်အထိ အခြေအနေ ဆိုးရွားသွားခဲ့ခြင်း ဖြစ်သည်။ ဓားထိုးမှုကျုးလွန်ပြီးနောက် တရားခံဖြစ်သူက ထွက်ပြေးရန် ကြိုးပမ်းစဉ် လုံခြုံရေးဝန်ထမ်းက ဝင်ရောက်ဖမ်းဆီးရန်ကြိုးပမ်းရာမှ အသက်သေဆုံးသည်အထိ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း Khaosod သတင်းတွင် ဖော်ပြထားပြီး လက်ရှိအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရန် အပူတပြင်း ကြိုးပမ်းဆဲဖြစ်ကြောင်း သိရသည်။
Ref : The Thaiger
