၂၄. ၁၂. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံရှိ ရွှေတွင်းတစ်ခုတွင် အလုပ်သမား အများအပြားသေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ်စဉ်အတွက် ဥပဒေကြောင်းအရ တာဝန်ယူရမည့်အစား တရုတ်နိုင်ငံမှ ထွက်ပြေးလာသော တရုတ်စီးပွားရေးလုပ်ငန်းရှင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖူးခက်မြို့တွင် ဖမ်းဆီးလိုက်သည်။
တရုတ်အာဏာပိုင်များက အသက် ၅၆ နှစ်အရွယ်ရှိ ဝရမ်းပြေးတရားခံ Liu Hongbo ကို ရှာဖွေပေးရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို (တပ်ခွဲ ၁) ထံ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။ Liu သည် တရုတ်နိုင်ငံရှိ ရွှေတွင်းတစ်ခု၏ ပိုင်ရှင်ဖြစ်ပြီး ၎င်း၏ ရွှေတွင်းတွင် ပြင်းထန်သော ရေကြီးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ အလုပ်သမားအများအပြား သေဆုံးခဲ့ရသည်။

တရုတ်အာဏာပိုင်များ၏ ပြောကြားချက်အရ ၎င်းသည် ရွှေတွင်းပိုင်ရှင်ဖြစ်သည့်အတွက် ထိုဖြစ်စဉ်အပေါ် ဥပဒေကြောင်းအရ တာဝန်ယူရမည်ဖြစ်သော်လည်း၊ ၎င်းနှင့် ဇနီးဖြစ်သူတို့သည် စုံစမ်းစစ်ဆေးရေးမှူးများကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတွင်းမှ ထွက်ပြေးကာ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ရေကြီးမှုနှင့် ပတ်သက်၍ သေဆုံးသူအရေအတွက် အတိအကျ အပါအဝင် အသေးစိတ် အချက်အလက်များကို အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသော်လည်း၊ လူအများအပြား သေဆုံးခဲ့သည့်အတွက် တရုတ်ဥပဒေအရ ပြင်းထန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားကြောင်း အတည်ပြုခဲ့သည်။

ထိုတရားခံဇနီးမောင်နှံကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖူးခက်မြို့ရှိ ဆေးရုံတစ်ခုတွင် ခြေရာခံမိခဲ့ကာ မနေ့က (ဒီဇင်ဘာ ၂၃ ရက်) တွင် ဖမ်းဆီးနိုင်ခဲ့သည်။ စစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းထက် ၁၁၃ ရက်ကျော် (Overstay) နေထိုင်ခဲ့ကြောင်း တွေ့ရှိရသည်။
လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ၎င်းတို့ဇနီးမောင်နှံအား ထိုင်းနိုင်ငံ၌ ဗီဇာသက်တမ်းကျော် နေထိုင်မှုအတွက် ဦးစွာ အရေးယူဆောင်ရွက်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ရွှေတွင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားရင်ဆိုင်ရန် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် မကြာသေးမီလများအတွင်းက မိခင်နိုင်ငံ၌ ရာဇဝတ်မှု ကျူးလွန်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသော နိုင်ငံခြားသားများကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။ ယခင်ကလည်း အိန္ဒိယနိုင်ငံ၊ ဂိုအာ (Goa) ရှိ နိုက်ကလပ် မီးလောင်မှုကြောင့် ဝန်ထမ်းနှင့် ဖောက်သည်များ သေဆုံးခဲ့သည့်ဖြစ်စဉ်မှ ထွက်ပြေးလာသော အိန္ဒိယလူမျိုး ညီအစ်ကိုနှစ်ဦးကို ဖူးခက်တွင်ပင် ဖမ်းဆီးရမိခဲ့ဖူးသည်။
ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း ကာဇက်စတန်နိုင်ငံတွင် အကြီးအကျယ် လိမ်လည်မှုများ ကျူးလွန်ခဲ့သည့်အတွက် Interpol မှ အနီရောင်ဝရမ်း ထုတ်ထားသူ ကာဇက်စတန် နိုင်ငံသားတစ်ဦးကိုလည်း ဖူးခက်တွင် ဖမ်းဆီးခဲ့သည်။ အခြားဖြစ်စဉ်တစ်ခုတွင်လည်း တရုတ်နိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ တင်ဒါခေါ်ယူမှုတွင် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ပြီး ဘတ်ငွေ သန်း ၂၆၀ ကျော် နစ်နာစေခဲ့သည့် တရုတ်အမျိုးသားတစ်ဦးကိုလည်း ဘန်ကောက်တွင် ဖမ်းဆီးရမိခဲ့သည်။
Ref : The Thaiger
