၂၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ပြီး အချို့မှာ ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယမန်နေ့တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၅)တွင် ပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လွှဲပြောင်းပေးသည့် ကျပ် ၂၁၄ ဒသမ ၀၉၆ ဘီလျံကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်၌ “ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်း” (OA-013830) ကို ဖွင့်လှစ်ထိန်းသိမ်းထားရှိဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထပ်မံ၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်တွင် ငွေကျပ် ၂၅ ဒသမ ၈၂၁ ဘီလျံကို ထပ်မံခွဲဝေရရှိခဲ့သဖြင့် စုစုပေါင်းရန်ပုံငွေကျပ် ၂၃၉ ဒသမ ၉၁၇ ဘီလျံရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းကြီးများသို့ ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့” ဖွဲ့စည်းခဲ့ပြီး ချေးငွေများ စိစစ်ထုတ်ချေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခင် ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် နောက်ဆုံးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍသို့ ချေးငွေများထုတ်ချေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုအခါ “ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီနှင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့”တို့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ နေကြာသီးနှံနှင့် ဆီထွက်သီးနှံကဏ္ဍများသို့ အသီးသီးထုတ်ချေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယင်းတို့အနက် အချို့ ဌာနများမှာ ချေးငွေများ အပြေအကြေပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း၊ အချို့လုပ်ငန်းများမှာ ချေးငွေအရင်း၊ အတိုးများကို ပေးဆပ်လျက်ရှိသော်လည်း အချို့လုပ်ငန်းများမှာ ပြန်လည်ပေးဆပ်ရန် သက်တမ်းစေ့ရောက်ခြင်းမရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးထားရှိမှု၊ ပြန်လည်ကောက်ခံရရှိမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် အကျိုးသက်ရောက်မှုသုံးသပ်ချက် (Impact Analysis) လုပ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
