သက်တံ့
၂၄. ၁၂. ၂၀၂၅
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မည့် အခြေအနေများကို ဖန်တီးပေးရန်နှင့် ဆွေးနွေးပွဲကျင်းပနိုင်မည့် အခင်းအကျင်းတစ်ခုကို ပံ့ပိုးပေးရန် တရုတ်နိုင်ငံက ဆန္ဒရှိနေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျားခွန်း (Guo Jiakun) က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မနေ့က ထိုသို့ ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကော့ကျားခွန်း၏ ပြောကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း (Mr. Deng Xijun) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်၍ မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခကို နှစ်နိုင်ငံအကြား အသွားအပြန်ပြု၍ ညှိနှိုင်းပေးသော သံတမန်ရေးရာခရီးစဉ် (Shuttle-diplomacy) ခရီးစဉ်တစ်ခုကို ထပ်မံပြုလုပ်ခဲ့သည်ဟု သိရသည်။
အာဆီယံ၏ ကြားဝင်စေ့စပ်ပေးမှုများနှင့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်စစ်ဆေးရာတွင် အာဆီယံလေ့လာရေးအဖွဲ့၏ အရေးကြီးသော ကဏ္ဍကိုလည်း ထောက်ခံကြောင်း တရုတ်နိုင်ငံက ထပ်လောင်းအတည်ပြုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အနေနဲ့ အပြန်အလှန် အလျှော့အတင်းလုပ်ကြဖို့၊ အပြန်အလှန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းကြပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ ကော့ကျားခွန်းက အလေးပေး ပြောကြားခဲ့သည်။
Ref : AKP Via Khmer Times
