၂၄.၁၂.၂၀၂၅
Written by Hey Mar
ခြောက်ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့လို့ ယာဉ်ပေါ်ပါအမျိုးသမီး နှစ်ဦး နေရာတင်သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မနေ့က ဒီဇင်ဘာ၂၃ ရက်နေ့ ည ၆ နာရီအချိန့်က ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းနယ်မြေ၊ လွယ်ဆမ်ဆုန်တောင်တက်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က လွယ်ဆမ်ဆုန်တောင်တက်လမ်း၊ မိုင်းဆတ်ဘက်ကနေတာချီလိတ်ဆီ မောင်းနှင်လာတဲ့ MITSUBISHI CANTER FUSO အမျိုးအစား (၆) ဘီး(အဖြူရောင်)ယာဉ်တစ်စီး၊ ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားတဲ့ သတင်းအရ မိုင်းဆတ်ခရိုင်မီးသတ်စခန်းမှ ကရိန်းယာဉ်(၁)စီး၊ မိုင်းဆတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုင်းတွမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦး၊ မ(၃)ဦး စုစုပေါင်း(၆)ဦးအနက်၊ အမျိုးသမီး နှစ်ဦး နေရာတင် သေဆုံးခဲ့ကာ၊ အမျိုးသား(၃)ဦးမှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အမျိုးသမီး(၁)ဦးလည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
