နေမိုး
၂၃. ၁၂. ၂၀၂၅
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် သစ္စာရှိ အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း ကျွန်းစုမြို့နယ်မှ ကျေးရွာခွဲ တာဝန်ခံဖြစ်သူ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအား PDF များက အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်၍ ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် ည ၁၁ နာရီတွင် PDF များသည် ပြည်သူလူထုအကြား အကြောက်တရား လွှမ်းမိုးစေရန်နှင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ခိုတောင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ/ကဘင်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်ဖြစ်သူ ဦးမင်းမင်းနိုင်(ခ)မင်းမင်း (၃၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့် ရောက်ရှိလာပြီး “ရွေးကောက်ပွဲကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စစ်မှုထမ်း စုဆောင်းပေးခြင်းများ လုပ်ဆောင်သည်” ဟု ပြောဆို၍ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ခိုတောင် ကျေးရွာ၏အနောက်ဘက် လေးဖာလုံခန့်အကွာရှိ ဒီရေတောအစပ်၌ သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမင်းမင်းနိုင်(ခ)မင်းမင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် သစ္စာရှိ အစိုးရဝန်ထမ်းတစ်ဦးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသဖြင့် ဒေသတွင်း လူမှု၊ စီးပွား၊ ကျန်းမာရေးကဏ္ဍများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ခဲ့ကြသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
