နေမိုး
၂၂. ၁၂. ၂၀၂၅
လက်နက်မဲ့ ရပ်ကျေးအုပ်စုစာရေးအဘိုးအိုကို PDF များက ပြည်သူ့စစ်စုဆောင်းပေးသည်တံဆိပ်ကပ်ပြီး ပစ်သတ်ကာ ကျပ် ရှစ်သိန်းနှင့် ဆိုင်ကယ်လုယက်သွားကြမှု မကွေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ညနေ ၆ နာရီ ၅၅ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရား လွှမ်းမိုးစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနေ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဖြစ်သူ ဦးအောင်ကြိုင်(၆၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး “ပြည်သူ့စစ်မှုထမ်း စုဆောင်းပေးခြင်းများ လုပ်ဆောင်သည်” ဟုပြောဆို၍ သေနတ်ဖြင့် ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်ရှိ ငွေကျပ် ရှစ်သိန်းခန့်နှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးအောင်ကြိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
