၂၂.၁၂.၂၀၂၅
Written By Thandar
လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “အနှစ်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားထဲမှာ နှင်းဆီဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီမိန်းကလေးရဲ့ ဘဝအနိမ့်အမြင့်အတက်အကျတွေ၊ ဒီနှင်းဆီဆိုတဲ့ ကောင်မလေးရဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် လောကဓံ မိသားစုနဲ့ ပတ်သက်တာတွေ ပါပါတယ်။ အချစ်နဲ့ ပတ်သက်တာတွေလည်း သူ့ဘဝလေးကလည်း သနားစရာလေးပေါ့။ တကယ့်ကို ဟဲဗီးဒရာမာဇာတ်လမ်းလေးပါ။ ဆင်းန်တိုင်းကလည်း ဇာတ်ရှိန်က တစ်မျိုးပြီး တစ်မျိုးပေါ့နော်။ တော်တော်လေးလည်း လုပ်ထားရပါတယ်။ ဗိုရဲ့ ဇာတ်ရုပ်တစ်ခုနဲ့တစ်ခု မတူတာလေးတွေလည်း ပါပါတယ်။ ရင်ထဲကို တကယ့်ကို ဆို့နင့်နေရမယ့်ကားပါလို့။ ဗိုလည်း အများကြီး ကြိုးစားထားပါတယ် ”လို့ သရုပ်ဆောင် ရတနာဗိုက ပြောပါတယ်။





အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Angel၊ ဇာတ်ညွှန်း ဖြိုးသဥ္ဇာကျော်၊ မင်းကိုစိုး၊ ညာလက်တော်တို့ရေးသားပြီးတော့ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေဝင်း၊ ညီနန္ဒ၊ ထူးခြား၊ နေနော်၊ အကယ်ဒမီအေးမြတ်သူ၊ ရတနာဗို၊ စိုးမိုးကြည်၊ ငှက်ပျောကြော်၊ ပန်းသီး၊ အိမ့်ကြည်ဖြူ၊ ရွှေရေးထက်၊ ဝေဖြိုး၊ ရန်ပြေ၊ ဟေမာမန်းဝင်း၊ စင်သီယာ၊ မင်းလူနက်၊ အာလူး၊ ဇာခြည်လွင် တို့နဲ့ ရိုက်ကူးထားသလို အခြား အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“အနှစ်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာလ၂၆ ရက်နေ့က စပြီးတော့ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
