၂၃.၁၂.၂၀၂၅
Translated by Htwe Ko Tun
မက္ကဆီကိုရေတပ်က ဆေးဘက်ဆိုင်ရာလူနာတွေတင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းမှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ကမ်းလွန် ဂါလ်ဗီစတုံး ပင်လယ်အော်ရေပြင်ထဲသို့ ပျက်ကျခဲ့ရာ အသက်နှစ်နစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူငါးဦးသေဆုံးခဲ့တယ်လို့ အမေရိကန်ကမ်းခြေစောင့် တပ်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဂါလ်ဗီစတုံး တာတမံရဲ့ အနောက်ဘက်ရေပြင်မှာ ဒီဇင်ဘာလ ၂၂ ရက်ညက ပိုက်စိပ်တိုက်ရှာခဲ့ပါတယ်။ ခရီးသည် နှစ်ဦးကို ဖွင့်ဟမပြောကြားသေးတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပေမယ့် ခရီးသည်တစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကမ်းခြေစောင့်တပ် အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ရေတပ်အမှုထမ်းလေးဦးနဲ့ အရပ်သားလေးဦး စုစုပေါင်း လူရှစ်ဦး လိုက်ပါလာတယ်လို့ မက္ကဆီကိုရေတပ်က ကြေညာချက်တစ်စောင်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ လေယာဉ်က မီးလောင်ဒဏ်ရာရထားတဲ့ လူနာတွေကို သယ်ဆောင်လာတာလို့လည်း CNN သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
Galveston Bait and Tackle ငါးမျှားပစ္စည်းဆိုင်မှာ အလုပ်လုပ်တဲ့ ဘီလီဟိုဝယ်လ်က လေယာဉ်ပျက်ကျသံကို ပထမဆုံးကြားသိရချိန်မှာ ဂါလ်ဗီစတုံး တာတမံမှာ ကားမတော်တဆမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ထင်မြင်ခဲ့တယ် ဆိုပါတယ်။ သူက ထိုအချိန်မှာ မိနစ်ပိုင်းအတွင်း မြူခိုးများ ဖုံးလွှမ်းနိုင်ပြှီး မြင်ကွင်းလုံးဝမရှိ ဖြစ်နေတာကြောင့် လေယာဉ်ပျက်ကျတာ ထူးထူးဆန်းဆန်း မဟုတ်လို့ ဆိုရမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လေယာဉ်ငယ်ဟာ မက္ကဆီကိုနိုင်ငံ ယူကာတန်ပြည်နယ် မြို့တော် မီရီဒါမှ ထွက်ခွာခဲ့ပြီး တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အရှေ့တောင်ဘက် မိုင် ၅၀ ခန့်အကွာမှာ တည်ရှိတဲ့ Galveston Scholes အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်ပျံသန်းနေတာဖြစ်တယ်လို့ FlightRadar24 မှ အချက်အလက်တွေအရ သိရပါတယ်။
တက္ကဆက်ပြည်နယ် ဘေးကင်းရေးဌာန၊ ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးနဲ့ အမျိုးသားသယ်ယူ ပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့မှ အရာရှိတွေကလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။
ကမ်းခြေစောင့်တပ်က လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။ မက္ကဆီကိုရေတပ်ကလည်း ဟူစတန်ရှိ မက္ကဆီကို ကောင်စစ်ဝန်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Ref- CNN
