၁၉.၁၂.၂၀၂၅
Written by Hey Mar
ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဆိုင်ကယ်စီးနင်းလာသူကို ယာဉ်တစ်စီးက တိုက်ပြေးလို့ ဆိုင်ကယ်သမား နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ရင်ခုန်သံရှင်ရေးကူညီမှု အသင်းထံကနေ သိရပါတယ်။
အဆိုပါ မတော်တဆမှုက ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မှော်ယောတံတား မရောက်ခင်နားမှာ ဘယ်အချိန်ကတည်းက ဖြစ်ပွားခဲ့မှန်း မသိရှိရပေမယ့် သွားရောက်ကူညီတဲ့ လူမှုကူညီရေးအသင်းကတော့ ဝါရင့် သက်ဆိုင်ရာတာဝန်ရှိသူက ရုပ်အလောင်း အခြေအနေကိုကြည့်ရှုကာ မနက်အစောပိုင်း နှစ်နာရီ၊ သုံးနာရီအတွင်းကတည်းက ဖြစ်ပွားခဲ့ပုံရကြောင်း ခန့်မှန်းပြောဆိုတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက “ကျွန်တော်တို့ ဖြစ်စဉ်ကိုကြားသိရတော့ မနက် ခြောက်နာရီခွဲလောက်ရှိပြီ။ စက်ဘီးစီး အားကစားသမားတွေက တွေ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားလာတာပါ” လို့ MT News ကို ပြောပါတယ်။
စက်ဘီးစီး အားကစားသမားတွေအဖွဲ့က ဆိုင်ကယ်တစ်စီး လိမ်တွန့်နေပြီး ခပ်လှမ်းလှမ်း လမ်းဘေးမြက်တောထဲ မှောက်လျက်လဲကျ ဆုံးပါးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိရတာကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားလို့ ရဲတပ်ဖွဲ့က သက်သေတွေရှေ့မှာ သေသူရဲ့ ခန္ဓာကိုယ်ကို ရှာဖွေရာ ငွေသား တစ်သိန်းဝန်းကျင်ခန့်၊ တောင်ငူ Present ဖုန်းဆိုင်မှ ဝယ်ယူလာတဲ့ Redmi Note 14 ဘောင်ချာပေါ်မှာ ကိုဝင်းဗိုလ်ဗိုလ်လို့ အမည်ပါရှိပြီး ဖုန်း နှစ်လုံး၊ ဆိုင်ကယ်အနီးမှ Toyota အမှတ်တံဆိပ်နဲ့ ကားဘန်ပါအကျိုးအကြေတွေ၊ ကားမီးခွက်အပိုင်းအစတွေ စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
ရင်ခုန်သံ ရှင်ကူအသင်းမှ တာဝန်ရှိသူက “ဖုန်းနှစ်လုံးမှာ တစ်လုံးက မှော်ယော တံတားနားက တွေ့တာ။ အဲ့ဒီနားကတည်းက တိုက်လာပုံရတယ်။ လမ်းပေါ် စွပ်ကြောင်းရာကြီးက ပေနှစ်ဆယ်ကျော်ကျာ်ကို ရှည်တယ်။ အဲဒီကနေ ဒီနေရာအထိ တရွတ်တိုက်ပါလာပုံရတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့က လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ရုပ်အလောင်းကို အခင်းဖြစ်နေရာကနေ အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီ ရင်ခုန်သံ ရှင်ရေး၊ နာရေး ကူညီမှုအသင်းယာဉ်နဲ့ ပို့ဆောင်ကူညီပေးခဲ့ကာ နေရပ်လိပ်စာ မသိရသေးတဲ့ ရုပ်အလောင်းက ဆိုင်ကယ်က Canda တံဆိပ်နဲ့ လူက အပေါ် ထပ်ဂျင်းအပြာနုအနွေးထည်၊ အတွင်းဝတ် ခဲရောင် စပို့ရှပ်နဲ့ ပုဆိုး နီညိုကွက်ကို ဝတ်ဆင်ထားပြီး လူပုံမှာ ခပ်ဝဝဖြစ်တယ်လို့ ပုံပန်းသဏ္ဍာန် ဖော်ပြရှာဖွေနေကာ ပျောက်ဆုံးနေသူတွေရှိပါက အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီ သွားရောက်စုံစမ်းနိုင်ကြောင်း အသိပေးထားပါတယ်။




