သတိုး
၁၉. ၁၂. ၂၀၂၅
အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Statesville မြို့၊ Statesville Regional Airport အနီး ကြာသပတေး (ဒီဇင်ဘာ ၁၈ ရက်) နေ့က ဖြစ်ပွားခဲ့သော လေယာဥ်ပျက်ကျမှုတွင် အမေရိကန်၏နာမည်ကျော် NASCAR ၏ Hall of Fame အဖြစ် လျာထားခံရသူ Greg Biffle တို့မိသားစုအပါအဝင် သေဆုံးခဲ့သူ ခုနစ်ဦးအထိ ရှိခဲ့သည်ဟု သိရသည်။
ထို လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သူ (၇) ဦးမှာ NASCAR ကားမောင်းသမားဟောင်း Greg Biffle၊ သူ၏ဇနီး Cristina Grossu နှင့် ၎င်းတို့၏ သားသမီးများ ဖြစ်ကြသည်။ ထို့ပြင် နာမည်ကျော် မော်တော်ဟုမ်း (Motorhome) မောင်းသူ Craig Wadsworth သည်လည်း ဒေသစံတော်ချိန် နံနက် ၁၀:၁၅ နာရီခန့်တွင် Statesville-Iredell ဒေသဆိုင်ရာ လေဆိပ်၌ ပျက်ကျခဲ့သည့် ထိုလေယာဉ်ပေါ်တွင် ပါဝင်ခဲ့သည်။ ယင်းအပြင် ၎င်းတို့နှင့်အတူ Greg Biffle ၏ မိတ်ဆွေများဖြစ်သော Dennis နှင့် Jack Dutton တို့ သားအဖလည်း ပါဝင်ခဲ့သည်။
NASCAR ၏ အတည်ပြု သတင်းထုတ်ပြန်ချက်အရ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူများမှာ Greg Biffle, Cristina Biffle, Emma Biffle, Ryder Biffle, Dennis Dutton, Jack Dutton နှင့် Craig Wadsworth တို့ ဖြစ်ကြသည်။
သေဆုံးသူတို့ မိသားစုများ၏ ထုတ်ပြန်ချက်တွင် “ကျွန်တော်တို့ရဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် အလွန်အမင်း စိတ်နှလုံး ထိခိုက်ကြေကွဲရပါတယ်။ ဒီအဖြစ်ဆိုးက ကျွန်တော်တို့ မိသားစုအားလုံးကို စကားလုံးနဲ့ ဖော်ပြလို့မရအောင် ဝမ်းနည်းပူဆွေးစေခဲ့ပါတယ်။ Greg နဲ့ Cristina တို့ဟာ သားငယ် Ryder နဲ့ သမီး Emma (Greg ၏ ယခင်ဇနီး Nicole Lunders နှင့်ရသော သမီး) တို့အပေါ် နွေးထွေးတဲ့ မိဘတွေဖြစ်သလို၊ ပရဟိတလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ Emma ဟာ လူအများက ချစ်ခင်ရတဲ့ ကြင်နာတတ်တဲ့ စိတ်ထားရှိသူဖြစ်ပြီး Ryder ကတော့ တက်ကြွဖျတ်လတ်ပြီး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ကလေးငယ်တစ်ဦး ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။
Dutton မိသားစုနှင့် ပတ်သက်၍လည်း “Dennis Dutton နဲ့ သူရဲ့သား Jack တို့ဟာလည်း လူအများရဲ့ ချစ်ခင်မှုကို ရရှိခဲ့သူတွေဖြစ်ပြီး သူတို့ကို သိကျွမ်းသူတိုင်းက ဒီဆုံးရှုံးမှုအတွက် များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ”Craig Wadsworth ကိုလည်း NASCAR အသိုင်းအဝိုင်းက လူအများက ချစ်ခင်ကြပြီး သူ့ကို သိကျွမ်းသူတွေက လွမ်းဆွတ်နေကြမှာပါ။ သူတို့တစ်ဦးချင်းစီဟာ ကျွန်တော်တို့အတွက် အရာရာဖြစ်ခဲ့ကြပြီး သူတို့မရှိတော့တာဟာ ကျွန်တော်တို့ ဘဝမှာ အစားထိုးမရနိုင်တဲ့ ဟာကွက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့ပါပြီ။ အခုလို မတွေးဝံ့စရာ ဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးနေရချိန်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပေးဖို့နဲ့ နားလည်စာနာပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဒီလို ခက်ခဲတဲ့အချိန်မှာ ကျွန်တော်တို့ မိသားစုတွေအပေါ် ကူညီဖေးမပေးကြသူ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်”ဟု ဖော်ပြခဲ့သည်။
ဖြစ်စဥ်တွင် Greg Biffle ပိုင်ဆိုင်သော Cessna C550 အမျိုးအစားလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးစတွင် ချို့ယွင်းမှုအချို့ကြောင့် လေယာဉ်မောင်းသူက လေယာဉ်ကို ပြန်လှည့်၍ ဆင်းသက်ရန် ကြိုးပမ်းစဥ် ပျက်ကျမီးလောင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ကားလောကတွင် “The Biff” ဟု အမည်ပြောင်ပေးခြင်းခံထားရသော Greg Biffle သည် ၁၉၉၈ ခုနှစ်တွင် Rookie of the Year ဆုနှင့် ၂၀၀၀ ပြည့်နှစ်တွင် NASCAR CRAFTSMAN Truck Series ချန်ပီယံဆုကို ရရှိခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်တို့တွင် NASCAR Xfinity Series ၌ အောင်မြင်မှုများ ဆက်လက်ရရှိခဲ့ပြီး Xfinity Series နှင့် Truck Series နှစ်ခုလုံးတွင် ချန်ပီယံဆု ရရှိသည့် ပထမဆုံးသော ကားမောင်းသမား ဖြစ်လာခဲ့သည်။ ၎င်း၏ သက်တမ်းတစ်လျှောက် NASCAR ပြိုင်ပွဲပေါင်း ၅၄ ကြိမ် (Cup Series တွင် ၁၉ ကြိမ်အပါအဝင်) အနိုင်ရရှိခဲ့ပြီး NASCAR ၏ အကြီးကျယ်ဆုံးသော ကားမောင်းသမား ၇၅ ဦးစာရင်းတွင်လည်း ထည့်သွင်းခံခဲ့ရသည်။
Greg Biffle သည် သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အသက် ၅၆ နှစ် ပြည့်တော့မည် ဖြစ်သည်။
Ref: Hindustan Times



