သက်တံ့
၁၈. ၁၂. ၂၀၂၅
Himars ဒုံးပစ်စနစ်များ၊ ဟောင်ဝစ်ဇာ (Howitzer) အမြောက်များ၊ ဒရုန်းများနှင့် ဆော့ဖ်ဝဲလ်များ အပါအဝင် ဒေါ်လာဘီလျံနှင့်ချီတန်သော အကြီးစားအရောင်းအဝယ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုလိုက်သည်။
အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ် (တရုတ်တိုင်ပေ) ကို ထိုသို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဖိုးခန့်ရှိသော လက်နက်များ ရောင်းချရန် ဆုံးဖြတ်ချက်အပေါ် တရုတ်အစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပြီး၊ ၎င်းသည် တရုတ်၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သလို ခွဲထွက်ရေးအင်အားစုများထံသို့ အန္တရာယ်ရှိသော အချက်ပြမှုကို ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ချန်ဘင်ဟွာက အဆိုပါ လက်နက်ရောင်းချမှုသည်တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဤလုပ်ရပ်သည် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One-China Principle)” နှင့် “တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်”ပါ ပြဋ္ဌာန်းချက်များကိုလည်း ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း ချန်က ဆိုသည်။ အထူးသဖြင့် ၁၉၈၂ ခုနှစ်တွင် အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို တဖြည်းဖြည်း လျှော့ချသွားမည်ဟု ကတိပြုခဲ့သည့် “သြဂုတ် ၁၇ ကြေညာချက်” ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။
“(ဒီဆုံးဖြတ်ချက်ဟာ) တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်စေသလို၊ ခွဲထွက်ရေးအင်အားစုတွေဆီကိုလည်း မှားယွင်းတဲ့ အချက်ပြမှုတွေ ပေးပို့နေပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် “ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးနေတဲ့ မူဝါဒကို ချက်ချင်းရပ်တန့်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားတဲ့ ခွဲထွက်ရေးအင်အားစုတွေကို အားပေးထောက်ခံနေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စုကို ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟု ချန်ဘင်ဟွာက ပြောခဲ့သလို “ထိုင်ဝမ်အရေးကို ကိုင်တွယ်တဲ့နေရာမှာ အစွမ်းကုန် သတိထားလုပ်ဆောင်ဖို့ အမေရိကန်ကို ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: SCMP
