၁၈.၁၂.၂၀၂၅
Written by Hey Mar
ကိုရီးယားနိုင်ငံ၊ သစ်အချောထည်ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့ အသက် ၃၀ အရွယ် မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ စီရင်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သူက ရန်ကုန်မြို့၊ ဒဂုန်ဆိပ်ကမ်းမြို့နယ်ကနေ ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့ရှိ သစ်အချောထည်စက်ရုံမှာ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ကိုဉာဏ်လင်းပြည့် လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၈ရက် နံနက် ၂ နာရီ ၃၀မိနစ် အချိန်ခန့် ကိုရီးယားနိုင်ငံက သစ်စက်ရုံရဲ့ ဂိုဒေါင်ထဲမှာ ရုတ်တရက် စီရင်ပြီးကွယ်လွန်သွားခဲ့တာလို့ ကိုရီယားရောက် မြန်မာလုပ်သားအရေး ကူညီနေသူတွေထံကနေသိရပါတယ်။

ကိုဉာဏ်လင်းပြည့်ရဲ့ ရုပ်အလောင်းကို စက်ရုံတစ်ခုတည်း အလုပ်လုပ်တဲ့ ကိုရီးယားလုပ်သားက နံနက် ၇ နာရီအချိန်ခန့်မှာ တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲက စုံစမ်းစစ်ဆေးနေပြီး ရဲခွင့်ပြုချက်ရပါက ကွယ်လွန်သူ ကိုဉာဏ်လင်းပြည့် သင်္ဂြိုဟ်မယ့်ရက်ကို မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေဘက်က အသိပေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ ကိုဉာဏ်လင်းပြည့်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ အကိုဖြစ်သူတစ်ဦးကလည်း ကိုရီးယားနိုင်ငံမှာပဲ ရောက်ရှိနေပြီး အလုပ်နေရာနဲ့ နေထိုင်တဲ့မြို့ မတူညီဘူးလို့လည်း သိရပါတယ်။
အဆိုပါ သစ်စက်ရုံမှာပဲ အခုနှစ် မေလပိုင်းမှာ မြန်မာလုပ်သားတစ်ဦးနေမကောင်းဖြစ်ကာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
