၁၆.၁၂.၂၀၂၅
Written by Hey Mar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၀) မိုင်အနီးမှာ ဒီနေ့ညနေ ၆ နာရီဝန်းကျင်က မီနီဘတ်စ်ယာဉ်၊ အိတ်ပရက်စ်ယာဉ်နဲ့ ဆိုင်ကယ်တစ်စီးတို့ မတော်တဆမှု ဖြစ်ပွားလို့ ထိခိုက်လူနာများပြားပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း မြေပြင်အကူအညီရောက်ရှိနေတဲ့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံကနေ ကနဦး သတင်းရရှိပါတယ်။
တိုက်မိမှု ဖြစ်ပွားရတဲ့ ဖြစ်စဉ်အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါ မတော်တဆမှုအတွင်း သေဆုံးသူမှာ ယာဉ်နှစ်စီးကြား ဝင်ရောက်သွားတာကြောင့် ယာဉ်အောက်ညပ်ကာ သေဆုံးခဲ့ရတဲ့ ဆိုင်ကယ် စီးနင်းသူ အမျိုးသားလို့ သိရရှိရပြီး ထိခိုက်ဒဏ်ရာရရှိလို့ ဆေးရုံပို့ရသူ အရေအတွက်ကလည်း ၁၅ ဦးခန့်ရှိပြီဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်း P2P Group မှ သတင်း အချက်အလက်တွေအရသိရပါတယ်။


အဆိုပါ Grouo တာဝန်ရှိသူက “ထောက်ကြန့်၊ မှော်ဘီ၊ လှည်းကူး အပိုင်က မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေဦးဆောင်ကူညီဆောင်ရွက်နေပါတယ်။ လူနာတွေက ၊ ကောက်နေရဆဲပါ။ အခုအချိန်ထိ မပြီးသေးပါဘူး။ လှည်းကူးဆေးရုံကို လူမှုကူညီရေးအသင်းတွေရဲ့ ကားတွေနဲ့ ပို့နေရတာ ၁၅ ဦးရှိပြီ။ အဲဒီထဲက လွှဲပြောင်းလို့ မြောက်ဥက္ကလာ ဆေးရုံကို နှစ်ဦး ပို့ရပါတယ်” လို့ ည ၇ နာရီအချိန် MT News က ဆက်သွယ်မေးမြန်းမှုကို ကူညီဖြေကြားပါတယ်။
ယာဉ်တိုက်မှုအတွင်း ယာဉ်အောက်ရောက်ရှိကာ ညပ်နေတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်းကို နာရီဝက်ခန့် ကြိုးစားထုတ်ယူခဲ့ရကာ လှည်းကူးအခြေစိုက် ကရုဏာရှင်အသင်းယာဉ်နဲ့ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။
