သတိုး
၁၆. ၁၂. ၂၀၂၅
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်သည့် ကျားဖြန့်ဂိုဏ်း (လိမ်လည်လှည့်ဖြားသည့် ဖုန်းခေါ်ဆိုမှုစင်တာ)များတွင် အဓမ္မခိုင်းစေရန်အတွက် ရုရှားနိုင်ငံသား သုံးဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း မြန်မာနိုင်ငံရှိ ရုရှားသံရုံးက TASS သတင်းထောက်ကို ပြောကြားသည်ဟု ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ယခုဖော်ပြသည်။
လိမ်လည်သူများ၏ ပြန်ပေးဆွဲခံရပြီး ကျားဖြန့်ဂိုဏ်းများသို့ ရောက်ရှိသွားသည့် အခြားရုရှားနိုင်ငံသားများ ရှိမရှိ TASS သတင်းထောက်က မေးမြန်းရာတွင် ရုရှားကောင်စစ်ဝန်ဌာနမှ ဝန်ထမ်းတစ်ဦးက “လက်ရှိမှာတော့ ကျွန်တော်တို့ဟာ ရုရှားနိုင်ငံသားတွေရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီက အလားတူ အယူခံဝင်မှု သုံးခုကို ဆောင်ရွက်နေပါတယ်။ ကိစ္စအားလုံးမှာ သက်ဆိုင်ရာ မှတ်တမ်းတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ ရုရှားနိုင်ငံသားတွေရဲ့ တည်နေရာကို အမြန်ဆုံးရှာဖွေပြီး အကူအညီပေးနိုင်ဖို့အတွက် သံရုံးက ဒေသခံအာဏာပိုင်တွေနဲ့ ဆက်သွယ်လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ပြည်ပရောက်နိုင်ငံသားများအား ပံ့ပိုးကူညီရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဗဟို (UCC) ၏ ဒုတိယဥက္ကဋ္ဌ အီဗန်မယ်လ်နီကော့ဗ် (Ivan Melnikov) က မြန်မာနိုင်ငံတွင် အမည်မသိလူပုဂ္ဂိုလ်များက ရုရှားမော်ဒယ်တစ်ဦးအား ပြန်ပေးဆွဲသွားကြောင်း ယခင်က TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်း၏ အဆိုအရ ထိုအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ ပထမဦးဆုံး လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အင်တာဗျူးတစ်ခု ပြုလုပ်ရန်ဟုဆိုကာ ရန်ကုန်သို့ ချက်ချင်း စေလွှတ်ခံခဲ့ရသည်။ ထိုနေရာတွင် သူမ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများကို အဓမ္မ သိမ်းယူခံခဲ့ရသည်။ ထို့နောက် သူမသည် အွန်လိုင်းလိမ်လည်မှုစင်တာသို့ ပို့ဆောင်ခံရပြီး သူမ၏ဆန္ဒမပါဘဲ အတင်းအကျပ် ခိုင်းစေခံနေရသည်။
မယ်လ်နီကော့ဗ်၏ အဆိုအရ ပြန်ပေးဆွဲသူများက ထိုအမျိုးသမီးကို လွှတ်ပေးရန်အတွက် ဒေါ်လာ ၁၀,၀၀၀ ခန့် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ သူမနှင့် အခြားလူ ၂၀၀ ခန့်သည် အွန်လိုင်းလိမ်လည်မှုစင်တာတွင် သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်လျက် ထိန်းသိမ်းခံထားရသည်။ အလုပ်လုပ်ရန် ငြင်းဆိုသူများကို ရိုက်နှက်ခြင်း၊ လျှပ်စစ်ရှော့တိုက်ကိရိယာများဖြင့် နှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြသည်။ ၎င်းက ပြန်ပေးဆွဲခံရသည့် ရုရှားအမျိုးသမီးအား ၎င်း၏ ဇာတိနိုင်ငံသို့ ပြန်ပို့ရန် အကူအညီပေးရန် တောင်းဆိုချက်ဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တတိယအာရှရေးရာဌာန အကြီးအကဲ လုဒ်မီလာ ဗိုရိုဗိုဗာ (Lyudmila Vorobyova) ထံ အယူခံဝင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
TASS ၏ ခန့်မှန်းချက်များအရ ယခုနှစ်တွင် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်သည့်စင်တာများမှ ရုရှားနိုင်ငံသား စုစုပေါင်း ခြောက်ဦး လွတ်မြောက်လာခဲ့သည်။ သုံးဦးကို ထိုင်းအာဏာပိုင်များနှင့် ဘန်ကောက်ရှိ ရုရှားသံရုံးတို့၏ အကူအညီဖြင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားသို့ ပို့ဆောင်ခဲ့သည်။ အခြားနှစ်ဦးက မြန်မာနိုင်ငံမှ ကိုယ်တိုင်ထွက်ခွာသွားခဲ့သော်လည်း နယ်စပ်ကို တရားမဝင် ဖြတ်ကျော်မှုကြောင့် ထိုင်းစစ်သားများက ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်နှင်ထုတ်ခံခဲ့ရသည်။ အခြားရုရှားအမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံမှတစ်ဆင့် နေရပ်ပြန်ပို့ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အစ်စကန်ဒါ အာဇီဇော့ဗ် (Iskander Azizov) က လူကုန်ကူးသူများ ထိုင်းနိုင်ငံမှ ခေါ်ဆောင်လာခဲ့သည့် ရုရှားနိုင်ငံသား ဒါဇင်များစွာသည် မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်သည့်စင်တာများတွင် ရှိနေနိုင်ကြောင်း ယခင်က TASS သို့ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသောကြောင့် ၎င်းတို့၏ အရေအတွက် အတိအကျကို ဆုံးဖြတ်ရန် ခက်ခဲကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ပုံစာ။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စစ်ဆေးနေမှုမြင်ကွင်း။
Ref : Tass
